မြန်မာနိုင်ငံရဲ့ အဖိုးတန်တောရိုင်းတိရစ္ဆာန်တွေထဲမှာ တောရိုင်းဆင်တွေကတော့ ထိပ်ဆုံးကပါဝင်နေတာအားလုံးလည်းသိမယ်ထင်ပါတယ်။ တရားမဝင် ဖမ်းဆီးပစ်ခတ်မှုတွေနဲ့အတူ ကူးသန်းရောင်းဝယ်မှုတွေကလည်း များစွာရှိနေပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် လွယ်ပွတ်သစ်တောကြိုးဝိုင်းဧရိယာအတွင်း ရောက်ရှိနေတဲ့ သစ်ဆွဲဆင်သုံးကောင်ကို ခွင့်ပြုချက်မျောစာမပါရှိဘဲ သယ်ယူရွှေ့ပြောင်းလာ တဲ့ ဆင်ဦးစီး သုံးယောက်ကို သစ်တောဌာနက ဖမ်းဆီးအမှုဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ 

“၂၀၁၃ ခုနှစ်မှာ တင်မြင့်ရီကုမ္ပဏီက နိုင်ငံတော်အစိုးရခွင့်ပြုချက်နဲ့ ထုတ်လုပ်တဲ့ သစ်တွေနဲ့ ဝင်းကုဋေကုမ္ပဏီမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ထုတ်လုပ်တဲ့သစ်တွေကို အငှားဆွဲဖို့ သယ်ဆောင်လာရာမှာ ဆင်မှတ်ပုံတင်သက်တမ်း ကုန်ဆုံးပြီး သက်တမ်းတိုးထားတာ မရှိကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် ခုလိုဆောင်ရွက်ရတာပါ” လို့ မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးဖိုးချိုက ပြောပြခဲ့ပါတယ်။ တင်မြင့်ရီကုမ္ပဏီက ၂၀၁၂ ခုနှစ်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နေ ဦးစောနေရူးထံမှ ငှားရမ်းခဲ့တဲ့ ဆင်(ထီး)နော်ဂျာ၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နေ ဦးစောနေမူးထံမှ ငှားရမ်းခဲ့တဲ့ ဆင်(ထီး)ဖားဒိုထူးနဲ့ ဝင်းကုဋေကုမ္ပဏီက မိုင်းတုံမြို့နယ် ဟောင်လီကျေးရွာနေ ဦးစောသဲဝါးထံမှ ငှားရမ်းခဲ့တဲ့ ဆင်(မ)ထက်ထက်စိန် တို့ကို သစ်တောညွှန်ကြားရေးမှူးတွေရဲ့ ခွင့်ပြုချက်မျောစာမပါရှိဘဲ သယ်ဆောင်ကာ လုပ်ငန်းဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။ 

“အရင်တုန်းကတော့ ခွင့်ပြုချက်အရ သယ်လာတာပါပဲ။ အခုမှ ၂၀၁၈ သစ်တော ဥပဒေပြင်ဆင်ချက်အရဆိုပြီး စစ်ဆေးခံရပြီး အရေးယူဖို့ဖြစ်လာတာပါ။ ဒဏ်ကြေးပေးဆောင် ရဖို့ပဲ ရှိပါတယ်။ လောလောဆယ်တဦးကို သိန်းငါးဆယ်တန် ခံဝန်တော့ ပေးထားပါတယ်” လို့ ဆင်ပိုင်ရှင်ဆင်ဦးစီးဖြစ်သူ ဦးစောသဲဝါးက ပြောပါတယ်။ အဆိုပါ ဆင်ပိုင်ရှင် ဆင်ဦးစီး သုံးဦးတို့ကို မိုင်းတုံမြို့မရဲစခန်းက သစ်တောဥပဒေ ပုဒ်မ၃၉(က)အရ အမှုဖွင့်အရေးယူထားပြီး တရားရုံးမှာ အမှုရင်ဆိုင်ပြီးပါက ဒဏ်ကြေး ကျပ်သုံးသိန်းမှ ကျပ်ခုနှစ်သိန်းအထိ ပေးဆောင်ရနိုင်တယ်လို့ သိရပါတယ်။

PHOTOS - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။