အရက်သမားတွေရဲ့ အလှူငွေတွေကိုစုပြီး စေတီတဆူကို ကျောက်ပန်းတောင်းမြို့နယ်မှာ ဘုန်းတော်ကြီးတပါးက တည်နေပါတယ်။ မန္တလေးတိုင်းအစွန် မကွေးတိုင်းနယ်စပ် ကျောက်ပန်းတောင်းမြို့နယ်ထဲက ရွာတရွာမှာ အရက်စွဲနေသူတွေကို ဘုန်းကြီးတပါးက အရက်ဖြတ်ပေးနေပြီး အဲဒီအရက်သမားတွေ ဆီကနေ ဘုရားတည်ဖို့ အလှူခံခဲ့ပါတယ်။အဲဒီဘုန်းတော်ကြီးဟာ တောရတည်ဆောက်နေတာ ဖြစ်ပြီး သစ္စာအဓိဋ္ဌာန်နဲ့ အရက်၊ ထန်းရည် စတာတွေကို ဖြတ်ပေးတာပါ။

အရက်ဖြတ်ဖို့လာတဲ့သူတွေဆီက အလှူခံခဲ့တဲ့ငွေ ကျပ် သိန်းပေါင်း ၅၄၀ ကျော်ရခဲ့ပြီး တခြား အလှူရှင်တွေရဲ့ အလှူငွေ ကျပ်သိန်း ၆၃၀ ကျော်နဲ့ စုပေါင်း တည်နေတာ ဖြစ်ပါတယ်။ ဆရာတော်ဆီ အရက်လာဖြတ်သူအများစုက အရက်ပြတ်ရုံတင်မက စီးပွားရေးတွေပါ အဆင်ပြေလာတယ်လို့ ဆိုကြပါတယ်။ ကျွဲကန်ရွာက အရက်ဖြတ်ထားသူ ဦးအေးဆွေကတော့ ဆရာတော့်ဆီ ဖြတ်ပြီးကတည်းက ဘာမှမခံစားရသလို ပြန်သောက်ချင်စိတ်လည်း မရှိဘူးလို့ ပြောပါတယ်။

ဆရာတော်က အရက်ဖြတ်လိုသူတွေကို ၂၀၀၅ ခုနှစ်ကတည်းက ဖြတ်ပေးလာတာဖြစ်ပြီး အခုချိန်ထိ အရက်ဖြတ်ပြီးသူပေါင်း ၂ သောင်းခွဲကျော်ပြီဖြစ်ပါတယ်။ အမြဲတမ်းအတွက် ဖြတ်ပေးသလို နှစ်အပိုင်းအခြားနဲ့လည်း ဖြတ်ပေးနေတာပါ။ ဆရာတော်ရဲ့ကျောင်းကို ရေနံချောင်း ကျောက်ပန်းတောင်းလမ်းပေါ်က ဂွေးပင်ကျေးရွာကနေ ဝင်ရပြီး၊ ကျွဲကန်ရွာအလွန်မှာ တည်ရှိပါတယ်။ ဒီစေတီကို မြတိဂုံစေတီလို့ ဘွဲ့ပေးထားပြီး ဉာဏ်တော်က ၇၂ ပေရှိပါတယ်၊ စေတီရဲ့ဘေးပတ်ပတ်လည်မှာ အရက်ပုလင်းတွေမြှုပ်ပြီး စေတီပုံဖော်ထားပါတယ်။

Photis - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။