မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံ မြို့နယ် ရန္တပိုကျေးရွာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် ကပ်လျက်တည်ရှိပြီး မြန်မာရာဇဝင်သမိုင်းတွင် ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲစစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆို ခဲ့သော သမိုင်းဝင်ကျေးရွာ ဖြစ်ပါတယ်။ မြန်မာ့ရာဇဝင်သမိုင်းတွင် အထင် ကရနေရာဖြစ်သော ရန္တပိုကျေးရွာတွင် မြန်မာလူမျိုးများ အသုံးပြုလျက်ရှိကြသည့် သောက်ရေအိုးများကို အဓိကထား၍လုပ်ကိုင် လျက်ရှိသည်ကို တွေ့မြင်ရပါတယ်။ သမိုင်းဝင် ရန္တပိုကျေးရွာတွင် အိမ်ခြေ နှစ်ရာကျော်ရှိပြီး လူဦးရေတစ်ထောင်နီးပါး နေထိုင်ကြကာ ရွာတောင်ပိုင်းမှာ တောင်သူ လုပ်ငန်းကို အဓိကထားလုပ်ကိုင်ပြီး ရွာမြောက်ပိုင်းမှ အိမ်ခြေ ၈၀ ကျော်က အိုးလုပ်ငန်းကို အဓိကထား၍ တောင်သူ လုပ်ငန်းကို တွဲဖက်လုပ်ကိုင်ကြပါတယ်။ ရွာမြောက်ပိုင်းရှိ အိုးလုပ်ငန်းကို ဧရာဝတီ မြစ်ရေတက်စဉ် တစ်လခန့်သာ နားရပြီး တစ်နှစ်ပတ်လုံးနီးပါး လုပ်ကိုင်ကြသော ကျေးရွာလည်းဖြစ်ပါတယ်။  

ရန္တပိုကျေးရွာ၏ အိုးလုပ်ငန်း အတွက် မြေစေးထော်လာဂျီ တစ်စီး နှစ်သောင်းလေးထောင်ကျပ်၊ သဲတစ်စီး တစ်သောင်းကျပ်ဖြင့် ဝယ်ယူရပြီး အိုးများကို ပြုလုပ်ရန်မြေနယ်ခြင်း၊ အိုးပုံသွင်းခြင်း၊ အိုးခတ်ခြင်း၊ အခြောက်လှန်းခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။ ထိုသို့ ဆောင်ရွက်၍ရရှိလာသည့် အိုးများကို မီးဖုတ် ရန်အတွက် ကောက်ရိုးများ၊ ထင်းများကို လည်းဝယ်ယူပြီး အိုးဖုတ်မည့် အရေအတွက် အလိုက် ဖိုသေးလျှင်အိုး ၈၀၀ ခန့်၊ ဖိုလတ် အိုး ၁၅၀၀ ခန့်နှင့် ဖိုအကြီးဆိုလျှင် အိုး ၃၀၀၀ ခန့်အထိ ဖုတ်လေ့ရှိကြောင်း သိရပါတယ်။ ထို့အပြင် မိမိတို့ အိမ်မှ အိုးလုပ်ငန်းကို နော်ဝေဘုရင်မင်းမြတ် ကိုယ်တိုင်လည်း ဝင်ရောက်လေ့လာကြည့်ရှု သွားခဲ့ကြောင်း၊ မကြာသေးမီကလည်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်းကိုလည်း သိရပါတယ်။  

အဆိုပါကျေးရွာ၏ အိုးလုပ်ငန်းကို နိုင်ငံခြားသား ခရီးသွားများက ဩဂုတ်လ မှ မတ်လကုန်အထိ တစ်ပတ်လျှင် လေးရက်လောက် သင်္ဘောကြီးများဖြင့် လာရောက်လေ့လာကြကြောင်း၊ ကျန်အချိန် များတွင် နိုင်ငံခြားသားခရီးသွားများ အနေဖြင့် မော်တော်ငယ်များဖြင့်သာ တစ်ခါ တစ်ရံ လာရောက်ကြောင်း သိရပါတယ်။ ထို့အပြင် နိုင်ငံခြားခရီးသွားများကိုယ်တိုင် အိုးလုပ်ငန်း ဝင်ရောက်လုပ်ကိုင်ရခြင်းတို့ကို ခရီးသွားများ နှစ်သက်သဘောကျကြောင်း၊ တစ်ခါတစ်ရံ နိုင်ငံခြားခရီးသွားများနှင့်အတူ စုပေါင်း အမှိုက်ကောက်ခြင်းတို့ကိုလည်း ပြုလုပ်ကြကြောင်း ပြောပြသဖြင့် သိရှိရသည်။

source - the mirror daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။