အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေသည် မေ (၁၈)ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့သို့ရောက်ရှိပြီး နမ့်ခမ်းမြို့နယ်၊ နောင်တိန်းကျေးရွာရှိ နောင်တိန်း လူဝင်မှုကြီးကြပ်ရေး ကင်းစခန်းအား ကြည့်ရှု စစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။ အဆိုပါနေရာရှိ တာဝန်ရှိသူများက နောင်တိန်းကျေးရွာအနီး မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်နိမိတ် အခြေအနေ၊ ရွှေလီမြစ်အား ကူးတို့ယာဉ်များဖြင့် နှစ်နိုင်ငံပြည် သူများ ဖြတ်သန်းသွားလာမှု၊ ဒေသခံပြည်သူများ အဆင်ပြေစွာ ကူးသန်းသွားလာနိုင်ရေး အတွက် ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါတယ်။ ပြည်ထောင်စုဝန်ကြီးက နောင်တိန်းကင်းစခန်းသည် မိမိနယ်မြေအတွင်းတွင် ရှိနေသည့် အတွက် ဝင်/ ထွက်မှုများ စနစ်တကျဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန်၊ ရွှေလီမြစ်အတွင်း သဲထုတ်လုပ်မှုများအား မြစ်ကြောင်းပြောင်း လဲမှုနှင့် နယ်နိမိတ်သတ်မှတ်မှု မထိခိုက်စေရေးအတွက် တာဝန်ရှိသူများက အမြဲမပြတ် လေ့လာစောင့်ကြပ် ကြည့်ရှုကြရန်၊ တရားမဝင် ဝင်/ ထွက်မှုများ မရှိစေရေးအတွက် ဒေသခံပြည်သူများအား အသိပညာပေးခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်ကြရန်မှာကြားပြီး နောင်တိန်းကင်းစခန်း အနီးရှိမန်ဟောင်းကင်းစခန်း၏ လူဝင်/ လူထွက် သွားလာမှု အခြေအနေများကို မေးမြန်း ဆွေးနွေးခဲ့ပါတယ်။  

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ နမ့်ခမ်းမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးခန်းနှင့် ကိုယ်ရေးမှတ်တမ်းများ ထိန်းသိမ်းထား ရှိသည့် မှတ်တမ်းခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား မီးဘေးအန္တရာယ်နှင့် လုံခြုံမှု ရှိစေရေးအတွက် သတိပြုဆောင်ရွက်ကြရေး၊ စက္ကူ၊ စာရွက်စာတမ်း ဖိုင်စနစ်မှ Digital စနစ်ဖြင့် e-ID စနစ် ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် ကြိုတင်မျှော်တွေး ဆောင်ရွက်ကြရေး၊ နယ်စပ်မြို့နယ်ရုံး ဖြစ်သည်နှင့်အညီ ဒေသခံတိုင်းရင်းသား များအပြင် လူမျိုးပေါင်းစုံနှင့်ဆက်စပ်ဆောင်ရွက်ရသဖြင့် ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရေး၊ ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင် ကြရေးမှာကြားခဲ့ပါတယ်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်တင် ယာဉ်ကြီးများနှင့် ယာဉ်ငယ်များ ဝင်/ ထွက်သွားလာသည့် မန်ဝိန်း စစ်ဆေးရေးစခန်းသို့ ရောက်ရှိပြီး ဌာနအလိုက် တာဝန်ရှိသူများအား လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။  

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မူဆယ်မြို့ နန်းတော်ဂိတ်၌ ဝန်ထမ်းများက လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆင်ဖြူဂိတ်၌ လူနှင့်ယာဉ်ငယ်များ ဝင်/ထွက် သွားလာမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက နှစ်နိုင်ငံပြည်သူများ ဝင်/ထွက်သွားလာမှု အဆင်ပြေစေရေးအတွက် ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ တာဝန်ရှိသူအချင်းချင်း ရင်းနှီး ချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံ၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်စေရန်ပြောကြားခဲ့ပါတယ်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဟိုဆောင်ကင်းစခန်း အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

SOURCE - MOI  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။