မကြာသေးမီက ရခိုင်ပြည်နယ်အတွင်းရောက်ရှိနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. FilLippo Grandi နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာ၊ ရွာမဂုံးနားကျေးရွာသို့ သွားရောက်၍ ကျေးရွာအတွင်း လှည့်လည်ကြည့်ရှု လေ့လာလျှက်ရှိကြောင်း သိရပါတယ်။ ထို့နောက် ဒေသခံပြည်သူများအား တွေ့ဆုံပြီး လိုအပ်ချက်များ မေးမြန်း၍ ရွာမ ဂုံးနားကျေးရွာရှိ သောက်သုံးရေကန်ပြန်လည် ပြုပြင် ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။  

ဆက်လက်၍ မဟာမင်းကြီးနှင့်အဖွဲ့သည် ဘူးသီးတောင်မြို့၊ အမှတ်(၅) ရပ်ကွက် ရန်အောင်မြင်ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ပြီး တိုက်ပွဲရှောင်ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့ပါတယ်။ ၄င်းတွေ့ဆုံရာတွင် မဟာမင်းကြီးက မိမိသည် လူသားချင်းစာနာမှု ကိစ္စများကို ကိုယ်စားပြု ဆောင်ရွက်နေသူဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် အစိုးရနှင့် ပူးပေါင်းပြီး လိုအပ်သည့် ဒေသများတွင် ကူညီထောက်ပံ့ပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။  

မဟာမင်းကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာသို့ ရောက်ရှိကာ အမက (မူလွန်) ကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ သိရှိလိုသည်များ မေးမြန်းပြီး ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ ဒါ့အပြင်မဟာမင်းကြီးနှင့်အဖွဲ့သည် ပန်းတောပြင် (အလယ်) ရွာ အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံပြီး လိုအပ်သည်များအား မေးမြန်းကာ မဟာမင်းကြီးနှင့် အဖွဲ့သည် ကျေးရွာစာသင်ကျောင်း ပြုပြင်ရေးနှင့် ရေငန်တားတာ တည်ဆောက်လိုသည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ လက်ရှိမှလည်း
ပန်းတောပြင်ရွာသစ်သို့ သွားရောက်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ လှူဒါန်း ဆောက်လုပ်ပေးသည့် နေအိမ်သစ်များအား ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။