ပြည်တွင်း တိုးတက်မှုများစွာကိုပြည်ပနိုင်ငံတွေရဲ့ အကူအညီဖြင့် အများစုပြုလုပ်လေ့ရှိပြီး အဆိုပါနိုင်ငံကြီးတွေထဲမှာ တရုတ်နိုင်ငံကတော့ အဓိကအားထားရာတစ်ခုလည်းဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံခြင်းလုပ်ငန်း စတင်သည့် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့မွန်းလွဲ ၂ နာရီတွင် ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အဆိုပါဇာတ်ရုံ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပါတယ်။  

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြန်လည်ပြုပြင် မွမ်းမံနိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုအရ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံရေး စာချွန်လွှာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတို့၏ ရှေ့မှောက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးသံမှူးတို့ လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း သိရပါတယ်။ ယနေ့အထိမ်းအမှတ် အခမ်းအနားသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံရှိ ခေါင်းဆောင်ကြီးများ၏ အမြော်အမြင် ကြီးမားမှု၊ နှစ်နိုင်ငံမှ တာဝန်ရှိသူများ၏ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်မှု၊ နှစ်နိုင်ငံရှိ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံရှိ နိုင်ငံသူ နိုင်ငံသားများ၏ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည် ဖေးကူမှုများကို နက်ရှိုင်းစွာ ဖော်ပြနေသည့် အခမ်းအနားတစ်ရပ်လည်း ဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်။  

အဆိုပါ အမျိုးသားဇာတ်ရုံ(ရန်ကုန်)သည် ၁၉၈၅ ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် သမ္မတကြီး လီရှန်နင့် က မေတ္တာလက်ဆောင်ပေးအပ်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့၍ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးခဲ့ရာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်နိုင်ခဲ့တာပါ။ ယခုအခါဇာတ်ရုံကြီးသည် သက်တမ်းအားဖြင့် ၂၈ နှစ်ကျော်ကာလ ကြာမြင့်ပြီ ဖြစ်သည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အသံစနစ်များ၊ ဇာတ်စင်သုံး မီးစနစ်များ၊ Air Con စနစ်များ၊ ပွဲကြည့်ထိုင်ခုံများ၊ အဆောက်အဦပိုင်း ဆိုင်ရာ၊ အလိုအလျောက် မီးငြိမ်းသတ်စနစ်နှင့် အခြားအထွေထွေပြုပြင် မွမ်းမံခြင်း လုပ်ငန်းများကို အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ရာ ပြုပြင်မွမ်းမံသည့်ကာလမှာ ခန့်မှန်းအားဖြင့် ၂ နှစ်ခန့် ကြာမြင့်မှာဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်မှ စတင်၍ အဆင့်မြှင့်တင် မွမ်းမံမည်ဖြစ်သဖြင့် ဇာတ်ရုံငှားရမ်း သုံးစွဲခြင်းဆိုင်ရာ ကိစ္စရပ်များကို ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်မှစတင်၍ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။

source - MOI  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။