ရခိုင်ပြည်နယ် အမ်းမြို့နယ် ကံဘွေကျေးရွာကနေ ကျောက်တော်မြို့နယ်ဘက်ကို

ဘုရားဖူးခရီးထွက်ခွာလာတဲ့ ရေယာဉ်တစ်စီးဟာ မင်းပြားမြို့နယ် တောင်ပုက္ကေကျေးရွာအနီးမှာ ဒီနေ့ မနက်အစောပိုင်းက နစ်မြုပ်ခဲ့ပြီး လူ ၇ ယောက်သေဆုံးခဲ့ပါတယ်။

အဲဒီရေယာဉ်မှာ လူပေါင်း ၆၀ ကျော်စီးနင်းလိုက်ပါလာတာဖြစ်ပြီး ဆယ်ယူလို့ ရရှိထားသူတွေကို မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ထားတယ်လို့ မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးထွန်းက ပြောပါတယ်။

"ခရီးသည်က ကျနော်တို့ ခန့်မှန်းရသလောက် ၆၁ ဦးလောက် ရှိတယ်။ ဒီ ၆၁ ဦးမှာ ၇ ဦး ဆုံးသွားတယ်ပေါ့နော်။ ကျန်တဲ့သူတွေ အကုန်လုံးကတော့ ကျနော်တို့ ဆေးဝါး ကုသမှုတွေ စောင့်ရှောက်မှုတွေ ကျနော်တို့ ပေးထားပါတယ်။ လောလောဆယ်တော့ ကျနော်တို့ကတော့ အချင်းဖြစ်နေရာကို ရောက်နေတယ်။ ရောက်ပြီးတော့ အဲဒီမှာ ဆယ်တင်လို့ရတဲ့ လူတွေအကုန်လုံးကို မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံကို ပို့လိုက်ပြီပေါ့နော်။ဆေးရုံကိုပို့ပြီးမှ ဆေးဝါးကုသမှုတွေ ရှိတယ်။ ကျန်တဲ့ ကောင်းတဲ့သူတွေကတော့ ဒီမှာကျန်ခဲ့မှာပဲ"

သေဆုံးသူတွေဟာ အသက် ၁၈ နှစ်အောက် လူငယ်တွေဖြစ်ပြီး မိန်းကလေးငယ်နှစ်ဦး ပါဝင်တယ်လို့ ပြောပါတယ်။ အဲဒီရေယာဉ်နစ်မြုပ်မှုကြောင့် လူတစ်ဦးပျောက်ဆုံးနေပြီး ၉ ဦးကို ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ရေယာဉ်နစ်မြုပ်မှုနဲ့ပတ်သက်ပြီး စစ်ဆေးဖို့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေလည်း သွားရောက်နေကြတယ်လို့ သိရပါတယ်။

Photo: Zaw Min FB

သတင်းအရင်းမြစ် RFA Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။