လူ့ဘောင်အတွင်းက ရှင်ဘုရင်နှင့် ညားမှ မိဖုရားဖြစ်အင်

၂၀၀၅ ခုနှစ်လောက်တုန်းကတော့ ထိုင်းအိမ်ရှေ့မိဖုရား မင်းသမီး ဆရီဆမီဆုဝတီဆိုသည်မှာ ထိုင်းနိုင်ငံမှာ တော်ရုံလူမော်မကြည့်ဝံ့သည့် အရှိန်အဝါကြီးသည့် တော်ဝင်မင်းသမီး တစ်ပါးဖြစ်သည်။၂၀၀၅ ခုနှစ် ဧပြီလမှာ သူ၏ ခင်ပွန်း ထိုင်းအိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန်၏ ရင်သွေး သားတော်လေးကို မွေးဖွားပေးလိုက်သည့်အခါ ထိုင်းနိုင်ငံက သတင်းစာတွေ၊ မဂ္ဂဇင်းတွေမှာ ထိုသတင်းကို အကျယ််တဝင့် ဖော်ပြကြရသည်။ ဆေးရုံက ကလေးမွေးဖွားပြီးသည့် မင်းသမီး အိမ်ပြန်တာကို ကားပေါ်အရောက် ကတ္တီပါကော်ဇော ခင်းပေးကာ လိုက်ပို့ပေးခဲ့ကြရသည်။ မီဒီယာတွေက သားတော်လေးနှင့် မင်းသမီး၏ လှုပ်ရှားဆောင်ရွက်မှု အဝဝကို တော်ဝင် ဘုရင်မိသားစုဝင်အဖြစ် ချီးမြှောက်အသားပေး ချီးမွမ်းဖော်ပြခဲ့ကြရသည်။

ထိုမှ ၁၀ နှစ်အကြာ ၂၀၁၅ ခုနှစ်မှာတော့ အခြေအနေတွေက တစ်မျိုးပြောင်းခဲ့ပါပြီ။ မင်းသား မဟာဗာဂျီရာလောင်ကွန်က မင်းသမီးဆရီဆမီကို ပေးအပ်ထားသောဘွဲ့ကို အရင်ဆုံးပြန်သိမ်းခဲ့သည်။ ထို့နောက် တရားဝင် ကွာရှင်းခဲ့သည်။

ထို့နောက်မင်းသမီး၏ အစ်မအပါအဝင် ဆွေမျိုးတော်စပ်သူတွေကို အကျင့်ပျက်ခြစားမှုဖြင့် ထောင်ချအရေးယူခဲ့သည်။ မနေ့တစ်နေ့ကတော့ ဘန်ကောက်တရားရုံးက မင်းသမီး၏ မိဘနှစ်ပါးအား ထိုင်းဘုရင်မိသားစုကို စော်ကားမှုဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခဲ့သည်။

မင်းသမီး ဆရီဆမီ၏ အဖြစ်က ငယ်ဂုဏ်လှဂုဏ်ကိုးကာ အထွတ်အထိပ်ရောက်ခဲ့ပြီး အကျနာခဲ့ရသော အမျိုးသမီး တစ်ယောက်၏ အဖြစ်ကို ဖော်ပြနေသည်။ မင်းသမီး ဆရီဆမီ၏ မိဘတွေက သာမန်အရပ်သားများဖြစ်ပြီး ဆမွတ်ဆခွန်ပြည်နယ်က ဖြစ်သည်။ ငယ်ရွယ်သူဆရီဆမီသည် အသက် ၂၂ အရွယ် ၁၉၉၃ ခုနှစ် မှာ ထိုင်းနိုင်ငံဘုရင့်နန်းတော်မှာ အပျိုတော်အဖြစ် အမှုထမ်းခဲ့သည်။ ထို့နောက် အိမ်ရှေ့မင်းသား ဗာဂျီရာလောင်ကွန်နှင့် ၂၀၀၁ ခုနှစ်မှာ လက်ထပ်ခဲ့ပါသည်။ သူနှင့် လက်ထပ်ချိန်မှာ မင်းသားက အရင်အိမ်ထောင် နှစ်ဆက်ရှိခဲ့ပြီး ကလေးငါးယောက် အဖေဖြစ်သည်။ မင်းသမီး ဆရီဆမီက ငယ်ရွယ်ချစ်စရာကောင်းရုံတင် မဟုတ်။ ဘန်ကောက်မြို့၊ ဆတ်ဆတ် တက္ကသိုလ်က မာစတာဘွဲ့ ရခဲ့သူဖြစ်ပါသည်။ သူ့ကိုလက်ထပ်ချိန်မှာ မင်းသားက မိသားစုဘဝနှင့် တည်ငြိမ်ချင်ပါပြီဆိုကာ လက်ထပ်ခဲ့ခြင်း ဖြစ်ပါသည်။

“ကျွန်တော့်အသက် ငါးဆယ်ရှိပါပြီ။ ဒါကြောင့် ပြည့်စုံတဲ့ မိသားစုဘဝ ရှိသင့်ပါပြီ။ သူက ကျွန်တော့်အိမ်ထောင်မှု ကိစ္စအဝဝကို ထိန်းသိမ်းပေးပါတယ်” ဟု မင်းသားက မိန့်ကြားခဲ့ပါသည်။

၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီမှာတော့ ဆရီဆမီဆီမှာ အိမ်ရှေ့မင်းသား၏ရင်သွေးကိုလွယ်ထားရပြီဟု ထိုင်းဘုရင့်နန်းတော်က ကြေညာခဲ့ပြီး ဧပြီလမှာ သားတော်လေးကို မင်းသမီးဆရီဆမီက မွေးဖွားပေးခဲ့ပါသည်။ ထိုအခါ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောက အိမ်ရှေ့မင်းသား၏ မိဘုရားအဖြစ် တော်ဝင်မင်းသမီးဘွဲ့ထူးကို ပေးခဲ့ပါသည်။ များစွာသော မင်းပွဲစိုးပွဲ အခမ်းအနားတွေမှာလည်း မင်းသမီးကို တော်ဝင်မင်းသမီး တစ်ပါးအဖြစ် နေရာပေးခဲ့ကြသည်။

သို့ရာတွင် ထိုင်းဘုရင်အပါးက မှူးကြီးမတ်ရာများကတော့ သာမန်လူကနေချက်ချင်း တော်ဝင်မင်းသမီးဖြစ်လာသည့် ဆရီဆမီကို မကျေနပ်ကြ။ ဒီလိုလူမျိုးကို မင်းမျိုးမင်းနွယ်အဖြစ် ဦးညွတ်ကန်တော့ရတာကို မကျေနပ်နိုင်ပါဟုဆိုခဲ့သည်။ ထိုစဉ်မှာပင် ငယ်ရွယ်သူ မင်းသမီး၏ စည်းစိမ်ယစ်မူးသည့် သတင်းများကလည်း ပေါ်ထွက်လာခဲ့သည်။ မင်းသမီး၏ ဆွေမျိုး မိဘအသိုင်းအဝိုင်းကလည်း မင်းသမီးရထားသော အခွင့်အရေးများကို အလွဲသုံးစားလုပ်ကြ၏။ အဆိုးဆုံးက မင်းသား၏ ခွေးမွေးနေ့တွင် မင်းသမီးဆရီဆမီက အပေါ်ဗလာဖြင့် ကျင်းပခဲ့သည်။ ထိုပုံသည် အင်တာနက်မှာ ပျံ့နှံ့သွားသောအခါ ထိုင်းလူမျိုးတွေက အနေအထိုင်မတတ်သော မင်းသမီးဆရီဆမီအပေါ် ဝေဖန်သံတွေ ပိုညံလာ၏။

မင်းသားဗာဂျီရာလောင်ကွန်၏ ဖခမည်းတော်လက်ရှိ ထိုင်းဘုရင် ဘူမိဘောက ကမ္ဘာမှာသက်တမ်းအ ရှည်ကြာဆုံးအုပ်ချုပ်လာသည့် ဘုရင်တစ်ပါးဖြစ်ပြီး နန်းသက် ၆၄ နှစ်ရှိ၏။ အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် ချမ်းသာသည်ဟုလည်း ခန့်မှန်းကြပြီး ထိုင်းပြည်သူများက ဘုရင်ကြီးကို ချစ်ခင်မြတ်နိုးကြသည်။ သို့သော် ဒီနှစ်ပိုင်းတွေမှာ ထိုင်းဘုရင်င်္ကြီးက ကျန်းမာရေးမကောင်းသဖြင့် လူထုရှေ့မှောက်သို့ပင် ထွက်မလာနိုင်တော့။ ထိုအခါ နောင်နန်းဆက်အတွက် ထိုင်းလူမျိုးတွေက ပူပန်ကြသည်။

ထိုင်းဘုရင်မှာ အသက် ၆၂ နှစ်ရှိ သားတော်အိမ်ရှေ့မင်းသားဗာဂျီရာလောင်ကွန် ရှိသော်လည်းသူက လူချစ်ခင်မှု မရသူ ဖြစ်သည်။ သူက အနောက်တိုင်းထုံးစံကိုခင်တွယ်သူ၊ ငွေကို ရေလိုသုံးသူ၊ စည်းစိမ်ခံသူ၊ မိန်းမပွေသူအဖြစ် နာမည်ကြီးသည်။ မင်းသားအစား သူ၏ ညီမတော် မဟာချက်ကရီသိရိဒုံကို ထိုင်းပြည်သူများက ပိုချစ်ခင်၊ ပိုလိုလားကြသည်။ ထို့အပြင်မင်းသားက မင်းသမီးဆရီဆမီလို ထိုင်း တော်ဝင်မျိုးနွယ်တွေ လက်မခံနိုင်သော အရပ်သူကို အိမ်ရှေ့ မိဖုရားတင်ထားသောအခါ လူကြိုက်ပိုနည်းလာသည်။

“ထိုင်းမင်းသားက ထိုင်းကိုလာလည်တဲ့ ဂျပန်ဝန်ကြီးချုပ် လေယာဉ်ကို သူ့လေယာဉ်သုံးပြီး ပိတ်ခဲ့သူ၊ ငွေတွေအများကြီးသုံးပြီး ခွေးရဲ့မွေးနေ့ကို ကျင်းပခဲ့သူဆိုပြီး နာမည်ကြီးနေသူပေါ့” ဟု အမေရိကန် သုတေသီ တစ်ဦးက ဝေဖန်ပြောကြားခဲ့သည်။

ယခုအခါ ထိုင်းနိုင်ငံမှာ လူကြိုက်နည်းပါးလှသည့် သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့အတွက် ထိုင်းမင်းသား ဗာဂျီရာလောင်ကွန်က သူ၏ တတိယ ဇနီးဖြစ်သော အိမ်ရှေ့မိဖုရား ဆရီဆမီကို ကွာရှင်းခဲ့ခြင်း ဖြစ်သည်ဟုဆိုပါသည်။ ထိုင်းမှူးကြီးမတ်ရာတွေ မကြိုက်သော သူ့မိဖုရားဆရီဆမီကို ကွာရှင်းခြင်းဖြင့် မင်းသားက လူထောက်ခံ မှုရအောင် ကြိုးပမ်းတာဟုလည်း မီဒီယာသတင်းတချို့ကဆိုပါသည်။ ကွာရှင်းခငွေအဖြစ် ထိုင်းဘတ်ငွေသန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၆ သန်းခန့်) ကို မင်းသားက ဆရီဆမီကို ပေးခဲ့ပါသည်။ သူတို့၏ အသက်ကိုးနှစ်အရွယ် သားတော်လေးကိုတော့့ မင်းသားနှင့် တော်ဝင်မိသားစုကသာ တာဝန်ယူ အုပ်ထိန်းမည် ဖြစ်ပါသည်။

ကောလဟလတွေအရ မင်းသားသည် တခြားငယ်ရွယ်သူ လေယာဉ်မယ် အမျိုးသမီး တစ်ယောက်နှင့် အတူနေပြီး သားလေး တစ်ယောက်ရနေပြီ ဖြစ်ကြောင်း၊ မကြာမီ ထိုအမျိုးသမီးက အိမ်ရှေ့မိဖုရားဖြစ်လာဖွယ်ရာရှိသည်ဟု ဆိုပါသည်။ သို့သော်ထိုင်းနိုင်ငံမှာ ဘုရင်မိသားစုဝင် အကြောင်းကို ပြောဆိုဝေဖန်လျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံနိုင်သည်ဖြစ်ရာ ထိုင်းသတင်းစာတွေကတော့ ဒီအကြောင်းကို ရေးသားခြင်း မပြုကြပါ။

ယခုအချိန်မှာတော့ မင်းသမီးဘဝက အရင်လို မထည်ဝါနိုင်သော၊ အဆောင်အယောင်တွေ အခြွေအရံတွေ မဲ့သောဘဝဖြင့် ဆရီဆမီက ဘန်ကောက်မြို့ပြင်က သူ့အိမ်မှာ သီးခြားနေနေရပါပြီ။ သူ၏သားတော်လေးကို တွေ့ချင်သလိုတွေ့နိုင်သည့်အခွင့်အရေးပင်သူ့မှာမရှိတော့။မိဘနှစ်ပါးအပါအဝင် ဆွေမျိုးတွေကလည်း ဘုရင်မိသားစုကို စော်ကားမှု၊ အကျင့်ပြက်ခြစားမှုတို့ဖြင့် ထောင်ကျအကျဉ်းကျခံနေရသည်။ နောက်ထပ်သူကိုယ်တိုင် ဘာပြစ်ဒဏ်တွေခံရဦးမလဲ မှန်းဆလို့ မရနိုင်သေး။ ဆရီဆမီအတွက် လောကဓံ၏ ရိုက်နှက်မှု ဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသည့်အချိန်လည်း ဖြစ်ပါသည်။

“ငယ်စဉ်က တချို့မိန်းကလေးတွေက လှမာန်ကိုးပြီး ငါတို့ကတော့ ချမ်းသာတဲ့ ယောကျ်ားတွေကို အပိုင်ယူပစ်လိုက်ရင် ဘဝမှာပြီးပြီလို့ ထင်ကြတယ်။ ဒါပေမဲ့ လှတယ်ဆိုတာ ငယ်တယ်ဆိုတာ အမြဲမတည်ငြိမ်ပါဘူး။ အသက်ကြီးလာရင် အလှဆိုတာ ကိုယ့်ထက်လှသူဆိုတာ ပေါ်လာစမြဲ။ ယောကျ်ားတွေကို အလှဂုဏ် တစ်ခုတည်းနဲ့ ဖမ်းစားဖို့ကြိုးစားသူတွေက ဒီလို ကျဆုံးရစမြဲပဲလေ” ဟု ဘန်ကောက်မြို့က မသန္တာက ပြောပါသည်။

မည်သို့ပင်ဖြစ်စေ မိဖုရားဆိုသည်မှာ ဘုရင်နှင့် ညားမှသာလျှင် အထွတ်အထိပ်ရောက်နိုင်ပြီး ဘုရင်က စွန့်ပစ်ခဲ့ပြီ ဆိုလျှင်တော့ အကျနာကြောင်းကို မင်းသမီးဆရီဆမီက သက်သေပြလျှက် ရှိနေပါသည်။

Mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။