သင်္ကြန်​ အတက်​​နေ့ တစ်​ရက်​ထဲပဲ ​

သူငယ်​ချင်​း​တွေတူတူ​ပျော်​လိုက်​

တစ်​နှစ်​လုံး အမှတ်​တရ​တွေ အများကြီး ပိုင်​ဆိုင်​ရမယ်​တဲ့

အဲဒီပွဲကတော့ Yangon Splash Walk ပဲဖြစ်ပါတယ် ။

Yangon Splash Walk ဆိုတာ ဘာမှန်းမသိသေးတဲ့ ညီအကိုမောင်နှစ်မတွေအတွက်...

Yangon Spalsh Walk ဆိုတာဘာလဲ။

Yangon Splash Walk ဆိုတာ လူထုအခြေပြုစုစည်းမှုတစ်ခုပါ။ ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့တဲ့ သင်္ကြန်တွင်းလူထုပွဲတော်တစ်ခုဖြစ်ပါတယ်။

ဘာတွေလုပ်ကြလဲ။

ကျွန်တော်တို့ ရေသေနတ်တွေ၊ ရေပြွတ်တွေ၊ စပရေးခေါင်းတွေ၊ ရေသန့်ဘူးတွေနဲ့ ရန်ကုန်မြို့တစ်ပတ် လမ်းလျှောက်ရေပတ်ရင်း သင်္ကြန်ပွဲတော်ကို နွဲပျော်ကြပါတယ်။

ဘယ်အချိန်မှာ လုပ်ကြလဲ။

သင်္ကြန် ပွဲတော်ရဲ့ နောက်ဆုံးနေ့ အတက်နေ့ညနေပိုင်းမှာ အားလုံးပျော်ရွင်စွာနဲ့ နှစ်သစ်ကို ကြိုဆိုကြပါတယ်။

ဘာကြောင့် လုပ်ကြတာလဲ။

ကျွန်တော်တို့ ငယ်စဉ်ကဖြတ်သန်းခဲ့ရတဲ့ အနှစ်သာရရှိတဲ့ သင်္ကြန်အငွေ့အသက်တွေ အားလုံးအတူတကွပြန်လည် ခံစားနိုင်ဖို့ စီစဉ်ပြုလုပ်ကြပါတယ်။ ရေပြွတ်နဲ့ ကျောပိုးအိတ်လွယ် ရပ်ကွက်ထဲလှည့်ခဲ့ရတဲ့ ငယ်ဘဝ အနှစ်သာရရှိသောသင်္ကြန်၊ ဒီအမှတ်တရတွေ ပြန်လည် ခံစားနိုင်ဖို့ ရည်ရွယ်ပါတယ်။

ဘာအစီအစဉ်တွေပါလဲ။

နှစ်တိုင်း စီစဉ်ရေးဆွဲတဲ့ လမ်းကြောင်းတစ်ခုအတိုင်းသွားကြပါတယ်။ ၂၀၁၆ တုန်းကဆို ကိုလိုနီခေတ်အဆောင်အဦတွေကို အခြေခံပြီး လမ်းကြောင်းဆွဲပါတယ်။ လမ်းတစ်လျှောက် မိသားစုမဣပ်တွေ၊ တွေ့သမျှလူတွေကို ရေပက်ကြပါတယ်။ လမ်းတစ်လျှောက် အနားယူတဲ့ ရပ်နားရာ Check Point တွေမှာ Water Gun Fight တွေနဲ့ အချင်းချင်း ရေပက်ပျော်ပါးကြတယ်။ အထင်ကရနေရာတွေမှာ ပျော်စရာ Group Photo ရိုက်တဲ့ Photo Stop တွေ၊ ရေပြန်ဖြည့် အနားယူ ရေသောက်ဓါတ်ဆားသောက်ဖို့ Check Point တွေ၊ လမ်းတစ်လျှောက် စိတ်လှုပ်ရှားစရာ အစီအစဉ်တွေ၊ နောက်ဆုံးစုရပ်ကို ပြန်ရောက်ချိန်မှာ သင်္ကြန် သီချင်းတွေ သီဆိုကခုန်ကြတဲ့ အခိုက်အတန့်တွေနဲ့ ပင်ပန်းမှန်းမသိအောင်ကို ပျော်ကြရမှာပါ။ အစီအစဉ်အားလုံးအပြီးမှာလည်း ကျွန်တော်တို့ စုရပ် ဧရိယာတစ်ဝိုက် အမှိုက်ကောက်ပြီး လူမှုပတ်ဝန်းကျင်ကို စည်းကမ်းရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပုံဖော်နိုင်အောင် ပါဝင်ကြပါတယ်...

ဘယ်သူတွေပါဝင်ကြလဲ။

လူငယ်တွေအများစုပါဝင်ပါတယ်။ လူငယ်တင်မကလဲ လူလတ်ပိုင်း လူကြီးပိုင်း ကလေးငယ်တွေပါ ပါဝင်ပြီး စုပေါင်းဆင်နွဲကြတဲ့ ချစ်စရာ လှုပ်ရှားမှုတစ်ခုပါ။

ဘယ်လိုအောင်မြင်မှုရခဲ့လဲ။

၂၀၁၆ ရဲ့ Yangon Splash Walk မှာ လူ၂၀၀၀ ကျော် ပါဝင်ဆင်နွဲခဲ့ပါတယ်။ သင်္ကြန်အပြီးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကပေးအပ်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို လက်ခံရရှိခဲ့ပါတယ်။

ဘာတွေယုံကြည်လဲ။

မျှဝေခြင်းကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပျော်ရွင်မှုဆိုတာ မျှဝေရမယ်၊ အားလုံးအတူတကွပျော်ရွင်နိုင်ရမယ်ဆိုတာ ကျွန်တော်တို့ ခံယူချက်ပါ။ ကျွန်တော်တို့ဟာ အစိုးရ၊ စီးပွားရေး၊ ဘာသာရေးစတဲ့ ဘယ်အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုအောက်မှာမှု မရှိတဲ့ လွတ်လပ်တဲ့ လူထုအခြေပြုလှုပ်ရှားမှုတစ်ခုပါ။ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ ယုံကြည်ကိုးကွယ်မှု၊ နိုင်ငံရေးအယူအဆ၊ ရာထူး ဂုဏ်ဒြပ်၊ ငွေကြေးဥစ္စာ စတဲ့ ဘယ်လိုခွဲခြားမှုမျိုးမှ လက်မခံပါဘူး။ ဘယ်လိုလူမျိုးမဆို လူသားတစ်ယောက်အနေနဲ့ Yangon Splash Walk မှာပါဝင်ပြီး အတူတကွပျော်လို့ရပါတယ်။

ပါဝင်ဆင်နွဲဖို့ဘာတွေလိုမလဲ။

Yangon Splash Walk ကိုပါဝင်ဖို့ လုပ်ဖို့လိုတဲ့ တစ်ခုတည်းသောအရာကတော့ ရောက်အောင်လာဖို့ပါပဲ။ လူချည်းသက်သက်ရောက်အောင်သာ လာခဲ့ပါ။ မောရင်သောက်ဖို့ရေကအစ ကျွန်တော်တို့ တာဝန်ယူစီစဉ်ပေးပါမယ်။ ပါဝင်ဆင်နွဲမယ့်သူတွေဖက်ကတော့ အားလုံးအတူတကွပါဝင်ပျော်ရွင်နိုင်တဲ့ သိမ်မွေ့လွတ်လပ်တဲ့အသိုက်အဝန်းတစ်ခုဖန်တီးနိုင်ဖို့၊ အခြားသူတွေနဲ့ ပတ်ဝန်းကျင်ကို မထိခိုက်စေဖို့ စည်းကမ်းတကျ ကိုယ့်ကိုယ်ကို ထိန်းကျောင်းတာဝန်ယူပေးပါ။

ပါဝင်လိုသူများအတွက် အသေးစိတ် အစီအစဉ်အချက်အလက်များကိုအောက်မှာဖတ်ရှုနိုင်ပါတယ် ။

Yangon Splash Walk 2017 ကနေ အားလုံးကို ကြိုဆိုပါတယ်… သင်္ကြန်အတက်နေ့ နေ့လည်သုံးနာရီမှာ ကျွန်တော်တို့ အားလုံးအတူတကွ ပျော်ရွှင်စွာနဲ့ သင်္ကြန်နောက်ဆုံးအချိန်အခိုက်အတန့်လေးကို ဖြတ်သန်းကြပါမယ်… ကျွန်တော်တို့ ကလေးကဘဝက လွယ်အိတ်ထဲဂါလန်ပုံးထည့် ရေပြွတ်ပိုက်တပ်ပြီး ရပ်ကွက်လှည့်ဂေါ်ခဲ့ကြတဲ့ နေ့ရက်တွေ အမှတ်တရလေးတွေကို အတူဖန်တီးကြပါမယ်… ရေသေနတ်တွေနဲ့ ရန်ကုန်မြို့လည်ကောင်တစ်ပတ်အထင်ကရနေရာတွေကို လမ်းလျှောက်မယ်… အချင်းချင်းတွေ ရေပက်မယ်… လမ်းမှာတွေ့တဲ့သူတွေကိုလည်းပတ်မယ်… ဓါတ်ပုံအလန်းတွေတစ်လမ်းလုံးရိုက်ပြီး ပျော်ရွင်ဖွယ်အမှတ်တရတွေကိုမှတ်တမ်းတင်ကြမယ်… ကျွန်တော်တို့ရဲ့ ပျော်ရွင်ဖွယ်ရာသင်္ကြန်ကို ပြန်လည်ဆန်းသစ်ကြမယ်… ငယ်မူပြန်ကြမယ်…:D

သင်္ကြန် ဆိုတာ အားလုံးပါဝင်ပျော်ရွင်နိုင်တဲ့ ပွဲတော်လို့ ယုံကြည်ပါတယ်... ဒီနှစ်မှာတော့ ရန်ကုန်မြို့လည်က လူနေလမ်းကြားတွေကို အခြေပြုပြီး ကျွန်တော်တို့ ဆင်နွဲပါမယ်... သင်္ကြန်တွင်း အိမ်မှာကျန်ရစ်နေတဲ့ မိသားစုဝင် အမေတွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေဆီ သင်္ကြန် ပွဲတော်ကို လမ်းကြားတွေထဲအရောက် ကျွန်တော်တို့ သယ်ဆောင်လာခဲ့မှာပါ... လမ်းမတွေပေါ်က ပျော်ရွင်နှစ်လိုဖွယ်ကောင်းတဲ့ သင်္ကြန် ကိုအတူတကွ ပြန်လည်ဖန်တီးကြပါစို့ဗျာ...

Yangon Splash Walk မှာပါဝင်ဖို့ လက်မှတ်ဝယ်ဖို့မလိုပါဘူး၊ စာရင်းသွင်းဖို့မလိုသလို ပိုက်ဆံလည်း ပေးစရာမလိုပါဘူးခင်ဗျာ... စုရပ်ဖြစ်တဲ့ မဟာဗန္တုလပန်းခြံကိုသာ အရောက်လာခဲ့ပေးပါ... အတက်နေ့ညနေ သုံးနာရီခွဲမှာ မဟာဗန္တုလပန်းခြံကနေစထွက်ပြီး ၃ရလမ်း၊ ၃၈ လမ်း၊ ဆိပ်ကမ်းသာလမ်း၊ ၃၉ လမ်း၊ လမ်း ၄၀ တို့ကို ကုန်သည်လမ်းကနေ ဗိုလ်ချုပ်လမ်းထိပ်ထိ ရေပက်ကစားလမ်းလျှောက်ကြမှာပဲ ဖြစ်ပါတယ်။ လမ်းတစ်လျှောက် ရေဖြည့်ဖို့ နားဖို့ ရေ အချိုရည် ဓါတ်ဆားရေတို့ သောက်ဖို့ လေးနေရာ ရပ်နားပါမယ်...

ဒီနှစ်မှာ ထူးထူးခြားခြား အားလုံးပျော်ရွင်နိုင်ဖို့ လမ်းတစ်လျှောက် ရပ်နားမယ့်နေရာလေးခုမှာ Open Stage ဖျော်ဖြေရေးအစီအစဉ်တွေပါဝင်ပါမယ်... Open Stage ကတော့ ကျွန်တော်တို့ YSW မှာပါဝင်ဖျော်ဖြေချင်သူမည်သူမဆို ကြိုတင်အရွေးခံပြီး သင်္ကြန်နဲ့ပက်သက်တဲ့ သီချင်းဆိုတာ ကတာ စသလို အခြားသော တူရိယာတီးမှုတ်တာအပြင် မိမိနှစ်သက်ရာ သင်္ကြန် performance တစ်ခုခုကို လုပ်လို့ရတဲ့ အစီအစဉ်ပါ... ပါဝင်ချင်တဲ့သူတွေအနေနဲ့ ကိုယ်လုပ်ချင်တာကို နမူနာ short video လေးရိုက်ပြီးတော့ chat box ကနေပို့ပေးဖို့လိုပါမယ်... ကျွန်တော်တို့ကနေမှ ပဏာမစီစစ်ပြီး ရွေးချယ်ပါမယ်ခင်ဗျာ...

YSW 2017 ကို Join မယ့်သူတွေအနေနဲ့ ဆန်းသစ်တီထွင်ပြီး ဝတ်ခဲ့ပါ... ဆန်းသစ်ဖန်တီးမှုတွေကို အရမ်းကိုအားပေးပါတယ်… မြန်မာဇာတ်ကောင်ပုံစံတွေ ပျော်စရာ သင်္ကြန်ဖက်ရှင်တွေ စသဖြင့် နှစ်သက်သလို တီထွင်ဖန်တီးပြီးဝတ်ခဲ့ကြပါ... ကျွန်တော်တို့ကတော့ မနှစ်က စကောတွေလွယ်ပြီး ဂေါ်ခဲ့ကြတဲ့အတွက် စကောနင်ဂျာရယ်လို့ အမည်တွင်သွားပါတယ်... အများအမြင်မှာ မသင့်တော်မယ့် ဝတ်စားဆင်ယင်မှုမျိုးကိုတော့ရှောင်ကျဉ်စေချင်ပါတယ်...

ပွဲနေ့မှာ ကိုယ်ဝတ်လာတဲ့ အဆန်းသစ်ဆုံး ပျော်စရာဝတ်ဆင်မှုတွေနဲ့အတူ ဓါတ်ပုံရိုက်ပြီး ကျွန်တော်တို့ Page ကို Message ပို့ပေးပါ... အဲဒီထဲကနေမှ ကံထူးသူတစ်ယောက်အတွက် စပါယ်ရှယ်ဆုတစ်ခု စီစဉ်ထားပါတယ်... ဆုနဲ့ ပွဲအစီအစဉ်အသေးစိတ်ကို ပွဲနေ့မှာ ကြေညာပေးသွားပါမယ် :D

ပွဲပြီးသွားလို့ ဆက်နေလို့ရတဲ့သူက နေခဲ့ပေးပါ… ကျွန်တော်တို့ မဟာဗန္တုလပန်းခြံလမ်းအနီးတစ်ဝိုက် အမှိုက်ကောက်ပါမယ်… နှမ်းတစ်စေ့ကတော့ ဆီမဖြစ်ပါဘူးဒါပေမယ့် တစ်ယောက်တစ်လက်တွန်းရင်တော့ရွေ့ပါတယ်… ကျွန်တော်တို့ ဒီတစ်ရက်အမှိုက်သိမ်းလိုက်လို့ ရန်ကုန်မြို့ကြီးထာဝရမသန့်ရှင်းသွားနိုင်ပါဘူး… ဒါပေမယ့် အနည်းဆုံးတော့ ကြုံတွေ့ခံစားလိုက်ရတဲ့သူတွေအနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူတတ်စေမယ့် စိတ်ဆန္ဒမျိုး အနည်းအကျဉ်းတော့ ကိန်းအောင်းသွားနိုင်ပါတယ်…နောက်လမ်းပေါ်မှာ အမှိုက်ချဖို့အရေး လက်ကလေးတစ်ချက်တွန့်သွားတယ်ဆို ကျေနပ်ပါပြီ…

Yangon Splash Walk ကိုပါဝင်ဆင်နွဲကြမယ့်သူတွေကို အနူးအညွတ်မေတ္တာရပ်ခံစရာအချက်လေးတွေရှိပါတယ်…

၁) အရက်နဲ့မူးယစ်စေတတ်တဲ့အရာတွေ၊ ဆေးလိပ်၊ ကွမ်းတို့ကို သုံးစွဲခြင်းသည်းခံပေးပါ… ပါဝင်ဆင်နွဲမယ့်သူတွေထဲမှာ အသက်မပြည့်သေးသူတွေ ကလေးငယ်တွေပါပါဝင်နိုင်တာကြောင့် အားလုံးအတွက်ပျော်ရွင်ဖွယ်ဖြစ်စေမယ့် ပတ်ဝန်းကျင်တစ်ခု အတူဝိုင်းဝန်းဖန်တီးရအောင်လားဗျာ…

၂) လမ်းလျှောက်မှာဖြစ်တဲ့အတွက်ယဉ်စည်းကမ်း လမ်းစည်းကမ်းကိုလိုက်နာဖို့လိုပါတယ်… သင်္ကြန်တွင်းဖြစ်တဲ့အတွက် ပိုဂရုစိုက်ရမှာပါ… ကျွန်တော်တို့အဲဒီနေ့အတွက် Facilitator တွေရှိပါမယ်… သူတို့ဦးဆောင်သွားရာလမ်းကြောင်းအတိုင်းပဲ လိုက်ပါ… နောက်ချန်နေခဲ့ခြင်း၊ လမ်းကြောကနေဖယ်ထွက်ခြင်းများကို ရှောင်ကျဉ်ပေးပါ… အားလုံးလုံခြုံဘေးကင်းဖို့ကကျွန်တော်တို့ရဲ့ဦးစားပေးအချက်ပါ… ပါဝင်ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံပါတယ်

၃) အမှိုက်လုံးဝမချပါနဲ့… ကျွန်တော်တို့ လမ်းမှာနားမယ့် လေးနေရာရှိပါတယ်… ကျွန်တော်တို့ အမှှိုက်ပစ်ဖို့လည်း အဲဒီနေရာတွေမှာ စီစဉ်ပေးထားတာကြောင့် အနည်းဆုံးတော့ အဲ့ဒီနားတဲ့နေရာလေးအထိတော့ အမှိုက်တွေရှိရင် သယ်လာပေးပါ… 

နွေရောသီနဲ့ လိုက်လျောညီထွေတဲ့ အဝတ်အထည်တွေကို ရွေးချယ်ဝတ်ဆင်ပါ…

၃ နာရီဆိုပေမယ့် အပူရှိန်က သိပ်မလျော့သေးပါဘူး… နေလောင်ဒဏ်ခံနိုင်အောင် ကြိုတင်ပြင်ဆင်ခဲ့ကြပါ…

ကားတွေကို ကုန်သည်လမ်းတစ်လျှောက်မှာရပ်ခဲ့သင့်ပါတယ်…

ရေသေနတ်လုံးဝမမေ့ပါနဲ့… တကယ်လို့ လုံးဝရှာဝယ်လို့မရခဲ့ရင်း ရေသန့်ဘူးခွံတစ်ခုကို အဖုံးလေးပေါက်ဖောက်ပြီး ယူလာခဲ့ပေးပါ...

လွယ်အိတ်တို့ဘာတို့လို လေးလံစေမယ့်ပစ္စည်းမျိုး မသယ်လာတာပိုကောင်းပါလိမ့်မယ်…

Costume တွေဘာတွေဝတ်ချင်ရင်ဝတ်ခဲ့ပါ… ဆန်းသစ်ဖန်တီးမှုတွေကို အရမ်းကိုအားပေးပါတယ်…

ပွဲနေ့မှာရိုက်မယ့်ဓာတ်ပုံတွေ Facebook မှာတင်မယ်ဆိုရင် #YSW2017 ဆိုတဲ့ Hash tag လေးနဲ့တင်ပေးကြပါ...

ပရိတ်သတ်တို့ရေ ... Yangon Splash Walk မှာတူတူတွေ့ကြမယ်နော် ... 

Source : Yangon Splash Walk Page

ယခင်နှစ်က Splash Walk ဆင်နွှဲခဲ့ပုံ Video 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။