ပြည်တွင်းမိဘမဲ့ကလေးငယ်များကတော့ မရေမတွက်နိုင်အောင်များစွာရှိနေပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလျှက်ရှိတာလည်းတွေ့ရပါတယ်။ ဧရာဝတီတိုင်းအတွင်းမှာလည်း စွန့်ပစ်ခံမွေးကင်းစကလေးငယ်တွေ များစွာရှိနေပြီး မိဘမဲ့ဘဝတွေနဲ့ နေ့စဉ်ဖြတ်သန်းလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါကလေးငယ်များကို နောက်ထပ်စွန့်ပစ်တာ တွေ ထပ်မံမဖြစ်ပွားဖို့နဲ့ ရင်ခွင်မဲ့နေတဲ့ ကလေးငယ်တွေကို စနစ်ကျကာကွယ်စောင့်ရှောက်ပေးဖို့ လူမှုရေးတက်ကြွလှုပ်ရှားသူ ၁၆၀၀ ကျော်က ကူညီလုပ်ဆောင်ပေးလျှက်ရှိနေကြောင်း သိရပါတယ်။ 

ဧရာဝတီတိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး အသင်းက လူမှုရေးလုပ်ငန်းတွေ တက်ကြွစွာပါဝင်ဆောင်ရွက်လိုသူ ၁၆၈၅ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြို့နယ် ခရိုင် အလုပ်အမှုဆောင်တွေကို မေလ ၂၆ ရက်က ပုသိမ်မြို့တော် ခန်းမမှာကတိသစ္စာပြုခဲ့ကြပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ဇနီး ဒေါ်ခင်နှင်းညို ကလည်း“ကျမတို့အသင်းဖွဲ့စည်းပြီးမှ ပြည်သူများကလည်း ဝန်ဆောင်မှု ရယူလာကြတာ တွေ့ရ ပါတယ်။ ရေကြည်မြို့က ကလေးတယောက်ကို လူမှုဝန်ထမ်းလက်အောက်ရှိ ရန်ကုန်နားခိုရာ နေရာသို့ပို့အပ်ပြီး မီးဖွားပေးနိုင်ခဲ့ပါတယ်။ ဖျာပုံမြို့နယ်ထဲက ကလေးတယောက်ကို ရန်ကုန် ရွှေဂုံတိုင်မှာရှိတဲ့ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရာ ဌာနကိုပို့အပ်ဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင်ရေကြည်မြို့နယ်မှာ စွန့်ပစ်ခံကလေးတစ်ယောက်ကို ရပ်ရွာထဲကပဲ ဆက်လက်ပြုစုစောင့်ရှောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ 

ဧရာဝတီတိုင်း ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး အသင်းရုံးတွေကိုတော့ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ ဖျာပုံ၊ မအူပင်နဲ့ လပွတ္တာမြို့တွေမှာ ခရိုင်ရုံး တွေဖွင့်လှစ်ထားပြီး မြို့နယ် ၂၆ မြို့နယ်မှာလည်း မြို့နယ်ရုံးတွေ ဖွင့်လှစ်ထားပါတယ်။ ဧရာဝတီတိုင်း ဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အဖွဲ့ဝင် ဦးမြင့်ဌေးက “အစိုးရအဖွဲ့တိုင်းမှာတော့ ကလေးတွေကိုစောင့်ရှောက်ဖို့ တာဝန်ရှိပေမယ့် ကိုယ်တိုင်ဝင်လုပ်လို့မရတာတွေလည်း ရှိနေတော့တဖက်က ဒီလိုလူမှုရေးအသင်းအဖွဲ့လိုလုပ်ပြီး ကူညီ စောင့်ရှောက်ပေးရတဲ့သဘောမှာ ရှိနေလို့ဒီအသင်းကို ဖွဲ့စည်းတယ်ထင်ပါတယ်”လို့ ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း စွန့်ပစ်ခံရင်ခွင်မဲ့ကလေးတွေကို ပုဂ္ဂလိက ကူညီ စောင့်ရှောက်ပေးနေတဲ့ ဂေဟာ ၈ ခုရှိနေပြီး လူမှုဝန်ထမ်းဌာနအသိအမှတ်ပြု စောင့်ရှောက် ရေးဂေဟာ ၃၇ ခုရှိနေတယ်လို့ ကလေးသူငယ်အခွင့်အရေး လှုပ်ရှားဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေကနေ သိရပါတယ်။

Photos - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။