ပြည်တွင်းအဓိကအားထားရာ လယ်ယာစိုက်ပျိုးမှုတွေကို အခတ်တွေ့စေခဲ့တဲ့ ဖြစ်ရပ်တွေကတော့ ပြည်တွင်းဒေသများစွာမှာ နေ့စဉ်ကြုံရနေစမြဲဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့မှာ ကျေးရွာမှာလည်း ချင်းဆက်လမ်းခင်းရာမှာ ရေနုတ်မြောင်းကိုပိတ်ပြီး လမ်းခင်းထားတာကြောင့် လယ်ယာမြေတွေပျက်ဆီးပြီး မိုးစပါးစိုက်ပျိုးရာမှာ အခက်အခဲဖြစ်နေကြောင်း သိရပါတယ်။ ၂၀၁၈ ခုနှစ်က သောင်ကြီးကျေးရွာနဲ့ ရေပေါ်သောင်ကျေးရွာကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းခင်ရာမှာ ရေနုတ်မြောင်းကိုပိတ်ပြီးခင်းသွားတာကြောင့် မနှစ်ကမိုးရာသီမှာ တောင်သူ ၂၀၀ ကျော်စိုက်ပျိုးနေတဲ့ ဧက ၃၀၀၀ ကျော်ထဲက စပါးစိုက် ဧက ၅၀၀ ကျော် ရေနစ်မြုပ်ခဲ့ရပြီး သီးနှံပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတောင်သူတွေက ပြောပြခဲ့ပါတယ်။ 

ပိတ်ထားတဲ့ရေနုတ်မြောင်းကို ပြန်ဖော်ပေးဖို့တင်ပြထားခဲ့ပေမယ့် ပြန်ဖော်ပေးတာ မရှိတာကြောင့် ဒီနှစ်မိုးစပါးစိုက်ပျိုးရာသီမှာ ရေလွှမ်းမိုးနစ်မြုပ်မှုဒဏ် ထပ်ခံရနိုင်တယ်လို့ တောင်သူ ဒေါ်ဝင်းကြည်ကပြောပြထားပါတယ်။ မနှစ်က မိုးစရွာပြီဆိုတာနဲ့လယ်ထဲမှာ ရေတွေက ဒူးခေါင်းကျော်လာတယ်။ မဒေါက်မြို့ပေါ်က စီးလာသမျှရေအများစုဟာ ဒီကွင်းတွေထဲနဲ့ အင်းသုံးအင်းထဲကိုပဲ ဝင်တာ။ ဒီရေတွေ ပြန်ထွက်ဖို့ဆိုတာကလည်း ဒီရေနုတ်မြောင်းတခုပဲရှိတာ။ ရေနုတ်မြောင်းကို ပိတ်ထားတော့ရေကို အလျှော့အတင်းလုပ်လို့ မရဘူး။ မနှစ်က သီးနှံဆုံးရှုံးလို့ အကြွေးက မကျေသေးဘူး။ ဒီနှစ်လည်းမဖော်ပေးတော့ စပါးစိုက်ပျိုးဖို့တောင် မစိုက်ရဲဘူး ဖြစ်နေရတယ်။ အဆိုပါ ရေနုတ်မြောင်းဟာ မိရိုးဖလာရေနုတ်မြောင်းတခုဖြစ်ပြီ အရင်ထဲက ကျေးရွာ နှစ်ရွာကို သွားတဲ့လမ်းမှာ ၁၀ ပေကျော်အရှည်ရှိတဲ့တံတားနဲ့ ဆက်သွယ်ထားတာဖြစ်ကြောင်း သိရပါတယ်။ 

ကျေးရွာကို ရေတိုက်စားပြီး ကမ်းပါးပြိုမှာစိုးရိမ်တာကြောင့် ကျေးရွာက ရေနုတ်မြောင်း ပိတ်ပေးဖို့ တိုင်ကြားခဲ့လို့ မြို့နယ်က ပိတ်ထားခဲ့တာဖြစ်ပြီး ရေနုတ်မြောင်းကို ဖွင့်မယ်ဆိုပါရွာက လက်မခံတာကြောင့် ပိတ်ထားရတာဖြစ်တယ်လို့ ဆည်မြောင်းဦးစီး ဦးသန့်ဇင်အောင်က ပြောပါတယ်။ မြို့နယ်ဆည်မြောင်းဦးစီး ဦးသန့်စင်အောင် က “အဲ့ရေနုတ်မြောင်းက အင်းကထွက်တဲ့ ရေနုတ်မြောင်းပါ။ အဲ့ရေနုတ်မြောင်းကို ဖွင့်လိုက်မယ်ဆိုရင် ရွာကိုတိုက်စားပြီး ကမ်းပါးပြိုမှာ ဆိုးတာကြောင့် ရွာကပိတ်ပေးဖို့ တိုင်ကြားလို့ မြို့နယ်က အဲ့နေရာမှာ နှစ်ချက်ပိတ်ခဲ့တာပါ။ အရင်ဆည်မြောင်းဦးစီး လက်ထက်ကဖြစ်တာပါ။ ခုတော့ တချက်ပဲ ကျန်တော့တယ်”လို့ ဆိုပါတယ်။ ရေနုတ်မြောင်းပိတ်ထားတာနဲ့ပတ်သက်ပြီး အထက်အဆင့်ဆင့်ကို တင်ပြထားပေမယ့် လာရောက်ဖြေရှင်းပေးတာမျိုး မရှိတာကြောင့် ဒေသခံတောင်သူ ၂၀၀ ကျော်လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုသွားဖို့ ရှိနေကြောင်း သိရပါတယ်။

source - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။