မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) နှင့် ပေါ်စကိုမြန်မာ တို့ပူးပေါင်းကျင်းပသည့် တောင်ကိုရီးယား ကလပ် ပိုဟန်စတီးလား၊ မြန်မာ့ လက်ရွေးစင် ယူ၂၂ နှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့ ခြေစမ်းပွဲများအတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၂း၀၀ နာရီက MFF အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ပါတယ်။ 

ချွဲဆွန်းဟို (နည်းပြ၊ ပိုဟန်စတီးလား)

" မြန်မာပြည်က အခုလို ဖိတ်ခေါ်ကစားတဲ့ အတွက် သက်ဆိုင်သူများ အားလုံးကို ဦးစွာပထမ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ မြန်မာ့ ဘောလုံးလောကဟာ တချိန်က အာရှမှာ အောင်မြင်ထင်ရှားခဲ့ပြီး အဲ့ဒီခေတ်က ဦးအေးမောင်ကြီးတို့ ဦးမောင်မောင်တို့ကိုလည်း မှတ်မိနေပါတယ်။ သူတို့သက်ရှိထင်ရှား ရှိနေကြမယ်လို့လည်း ထင်ပါတယ်။ ခြေစမ်းပွဲ နှစ်ပွဲစလုံးက ကျွန်တော်တို့ ကစားသမားတွေ အတွက် အတွေ့အကြုံလည်း ရသလို မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း အထောက်အကူပြုမှာပါ။ အသင်းမှာ ကစားသမား အယောက် ၄၀ ကျော်ရှိပြီး ခြေစမ်းပွဲတွေ အတွက် လူငယ်တွေကို အဓိက ပွဲထုတ်ထားပါတယ်"။

ဗင်နီဇာ ပိုပေါ့ (မြန်မာ ယူ၂၂ အသင်း နည်းပြချုပ်)

ပိုဟန်စတီးလား အသင်းနဲ့ခြေစမ်းပွဲက ကျွန်တော်တို့ မြန်မာ ယူ၂၂ အသင်းအတွက် ဗီယက်နမ်းကို ချစ်ကြည်ရေး ခြေစမ်းပွဲ မသွားခင် ပြင်ဆင်တဲ့ အနေနဲ့ ကစားမှာဖြစ်တော့ ကျွန်တော်တို့ အတွက်ကောင်းပါတယ်။ လက်ရှိ အသင်းလူစာရင်းကတော့ အပြီးသတ် မဖြစ်သေးပါဘူး။ ကျွန်တော့် ကစားသမားတွေ အချို့က ရှုံးထွက်ဆီမီးပွဲစဉ်တွေ ရှိနေသလို အချို့က ဒဏ်ရာရထားသူတွေ ရှိတယ်။ ပြောင်းလဲမှုတွေ ရှိဦးမှာပါ။"

ဦးမျိုးလှိုင်ဝင်း (နည်းပြချုပ်၊ ဧရာဝတီ ယူနိုက်တက်

" ဒီလို အသင်းကောင်း တစ်သင်းနဲ့ခြေစမ်းခွင့် ရဖို့ဆိုတာ မလွယ်ပါဘူး။ ၁၉၉၄ ခုနှစ် ခြေစမ်းပွဲတုန်းကလည်း ကျွန်တော်တို့ ရင်ဆိုင်ခဲ့ဖူးတယ်။ အဲ့ဒီအချိန်ကတည်းက ပိုဟန်စတီးလား အသင်းက တကယ်ကောင်းတဲ့ အသင်းပါ။ အခုလို အချိန်တွေကြာလာတဲ့ အခါမှာ ပြန်တွေ့ရတာကလည်း ပိုကောင်းမွန်တဲ့ အသင်းအဖြစ်နဲ့ပါပဲ။ ကျွန်တော်တို့ ခြေစမ်းပွဲကို အကောင်းဆုံး ကြိုးစားပြီး ယှဉ်ပြိုင်သွားပါမယ်"။ဆိုပြီး ပြောကြားခဲ့ပါတယ်။

source: mff 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။