စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ပလူဇဝဒေသရှိ ထူးဟန်သစ်ကုမ္ပဏီရဲ့ ကျောက်မီးသွေးတွင်းလုပ်ကွက်မှာ မေလ ၂၇ ရက် ည ၁၀ နာရီကျော်လောက်က ဂတ်စ်အိုး ပေါက်ကွဲမှုကြောင့် လူ ၄ ဦးသေဆုံးကာ၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ အသက်မသေဘဲ လွတ်မြောက်တဲ့ တွင်းလုပ်သား ကိုစောသဲဦးက “ကျနော်က နေမကောင်းလို့ ကျင်းပေါ်ပြန်တက်ပြီး ရောက်ခါပဲရှိသေးတယ်ဖြစ်သွားတာ။ ကျင်းတော့ မပြိုဘူး။ ပေါက်ကွဲမှုဖြစ်တာပါ။ ဂတ်စ်အိုး မလုံတာကနေ ပေါက်တာပေါ့။ တယောက်ကတော့ အပေါ်ရောက်မှသေတာ။ ကျန်တာတွေကတော့ အထဲမှာ မီးလောင် အောက်ဆီဂျင် ပြတ်ပြီးသေတာ။ ကျင်းက တမိုင်လောက်တော့ ရှိမယ်ထင်တယ်။ နာရီဝက်လောက် လမ်းလျှောက်ရတယ်။ ကျင်းထဲကို အောက်ဆီဂျင်လွှတ်ပေးထားတယ်။ ဦးထုပ်၊ ဓာတ်မီး၊ ဘွတ်ဖိနပ်ကလွဲရင် ကုမ္ပဏီက ကျန်တာ ဘာမှ လုပ်ပေးတာ မရှိဘူး။ အဝတ်အစားလည်း ပုဆိုးကလွဲရင် ကျန်တာ ဝတ်ချင်သလို ဝတ်လို့ရတယ်။ အလုပ်သမားက နေ့ဆိုင်း ညဆိုင်း ဆင်းရတာ။”လို့ ပြောပါတယ်။ 

ပေါက်ကွဲမှုကြောင့် ချမ်းငြိမ်းသူ (၁၇ နှစ်)၊ ပြည့်ဖြိုး (၂၂ နှစ်)၊ အောင်လင်းဦး (၂၂ နှစ်)နှင့် စန်းကိုဦး (၂၇ နှစ်) တို့ သေဆုံးခဲ့ပြီး စိုးခိုင် (၂၁ နှစ်)၊ ဦးနေစိုး (၅၀ နှစ်)၊ စောလွင်ဦး (၂၃ နှစ်)၊ စိုးပိုင် (၂၃ နှစ်)တို့မှာ မီးလောင်ဒဏ်ရာနဲ့ ထိခိုက်ပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ သေဆုံးသွားသူတွေရဲ့အလောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို ကလေးဝပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်က ကလေးဝမြို့နယ်၊ ကျောက်မီးသွေးတွင်းတွေမှာ ၂ ပတ်အတွင်း ၃ ကြိမ်မြောက် ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ မေလ ၁၉ ရက် ညနေပိုင်းကလည်း ကျောက်အုံကျေးရွာအနီး ထူးဟန်သစ် ကုမ္ပဏီက တာဝန်ယူတူးဖော်ထုတ်လုပ်နေတဲ့ ကျောက်မီးသွေးတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ တရုတ်နိုင်ငံသားတဦးအပါအဝင် ကျောက်မီးသွေးတွင်းလုပ်သား ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဌာနတွေကို ပူးတွဲကိုင်တွယ်နေတဲ့ ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းကတော့ ကျောက်မီးသွေးတူးဖော်မှုတွေကို ပိတ်သိမ်းချင်တဲ့အကြောင်းနဲ့ လတ်လော အရေးယူနိုင်ဖို့ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။ 

ကလေးဝမြို့နယ်မှာ ကျောက်မီးသွေးထုတ်လုပ်နေတဲ့ အဓိကကုမ္ပဏီ ၁၀ ခုရှိရာမှာ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှာ မတော်တဆ ထိခိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့လို့ မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၂၈၊ ပုဒ်မခွဲ (ခ)နဲ့ အရေးယူပြီး ဒဏ်ငွေ သိန်း ၂၀၀ ပေးဆောင်စေခဲ့ကြောင်းသိရပါတယ်။ ထွန်းသွင်းကုမ္ပဏီကိုတော့ သတ္တုတွင်း ဥပဒေ၊ နည်းဥဒေ၊ အမိန့်၊ ညွှန်ကြာချက်မလိုက်နာတဲ့ အပြင် ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မယူဘဲ ကုမ္ပဏီလက်ခွဲပေးဆောင်ရွက်စေတာကြောင့် ၂၀၁၈ နိုဝင်ဘာ ၈ ရက်နေ့ကစတင်ကာ ထုတ်လုပ်မှု ယာယီဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ ကလေးဝမြို့နယ်အတွင်း ပလူဇဝ၊ သစ်ချောက်၊ ယောစု၊ ကျောက်အုံ စတဲ့နေရာတွေမှာ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီ၊ ထွန်းသွင်၊ ထူး၊ မက်(စ်)မြန်မာ၊ ရွှေတောင် စတဲ့ ကုမ္ပဏီကြီးတွေအပါအဝင် ကုမ္ပဏီ ၁၀ ခုက ကျောက်မီးသွေး တူးဖော်နေကြတာပါ။

source - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။