ဒမားစကပ်မြို့ဟာ ဆီးရီးယားနိုင်ငံ၏ မြို့တော်ဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် ရှေးအကျဆုံးသော မြို့ကြီးတမြို့ဖြစ်ကာ လွန်ခဲ့သော အနှစ် ၄၀၀၀ ကျော်ကစပြီး တည်ရှိခဲ့ကြောင်း အထောက်အထားများ တွေ့ရပါတယ်။ ထိုမြို့တွင် ဗလီပေါင်း ၂၅၀ ခန့်မျှရှိ၍ ထိုဗလီများအနက် အွမ်မီအက်ဘုရင်တို့၏ ဗလီကြီးဟာ ကျောက်ဖြူများ၊ မှန်စီကွက်များဖြင့် ဆောက်လုပ်ထားသောကြောင့် အထူးပင် ထင်ရှားလှပါတယ်။ ဒမားစကပ်မြို့သည် ရဒါမြစ်ပေါ်တွင် တည်ရှိပြီး ထိုမြစ်၏ မြစ်ဝှမ်းတလျှောက်တွင် ရှောက်၊ လိမ္မော်၊ သစ်တော့၊ သဖန်း၊ ပန်းသီး၊ သလဲသီး၊ ဖရဲသီး စသောအသီးမျိုးစုံထွက်ရာ ဥယျာဉ်များလည်း၇ှိပါတယ်။ ဆီးရီးယားသဲကန္တာရကြီး၏ အစွန်းဖြစ်သော စိမ်းလဲ့သည့် လွင်ပြင်တွင် လှပစွာ တည်ရှိသည့်အတွက် သဲကန္တာရအတွင်း ဖြတ်သန်းလာကြရသော အာရပ်လူမျိုးခရီးသည်တို့အတွက် ထိုမြို့ဟာ လောကနိဗ္ဗာန်ရောက်နေတယ်လို့တောင် ထင်သွားစေနိုင်ပါတယ်။ ထိုကြောင့် ဒီမြို့လေးကို ‘ကန္တာရ၏ပုလဲ’ ဟု အမည်ပေးထားကြပါတယ်။  

ရှေးနှစ်ပေါင်း ၄၀၀၀ ခန့်ကစ၍ တည်ခဲ့သော်လည်း ဒမားစကပ်မြို့၏ အခြေအနေမှာ ယနေ့တိုင်ထူးခြားပြောင်းလဲခြင်းမရှိသေးပဲ ယက်ကန်းစင်များမှာ ရှေးခေတ်အတိုင်းပင် ရက်လုပ်လျက်ရှိပါသေးတယ်။ ဘီစီ ၁၂၀၀ ပြည့်နှစ်ခန့်က အာရပ်နိုင်ငံများတွင် ဒမားစကပ်မြို့သည် အထင်ရှားဆုံးဖြစ်ခဲ့ပေမယ့်လည်း ဘီစီ ၃၃၃ ခု၌ မဟာအလက်ဇန္ဒားဘုရင်ကြီး လက်အောက်သို့ ကျရောက်ခဲ့ပြီး အေဒီ ၆၃ ခုနှစ်တွင် ရောမအင်ပိုင်ယာကြီး၏ လက်အောက်သို့ တဖန်ရောက်ခဲ့ပြန်ပါတယ်။ နောက်ပိုင်း အေဒီ ၆၃၅ ခုနှစ်ကစပြီး ပထမကမ္ဘာစစ်ကြီးဖြစ်သည့်တိုင်အောင် အာရပ်နှင့် တူရကီတို့ပိုင်ဖြစ်ခဲ့သော်လည်း ပထမကမ္ဘာစစ်ကြီးပြီးသောအခါ၌မူ ပြင်သစ်တို့သည် ဒမားစကပ်နယ်ကို ဆီးရီးယားပြည်နှင့် အတူပေါင်း၍ အုပ်ချုပ်ခဲ့ပါတယ်။  

ထိုအချိန်အတွင်း၌ တော်လှန်ရေးတိုက်ပွဲများကြောင့် မြို့မှာအတော်ပင် ပျက်စီးခဲ့ရပြီး ဒုတိယကမ္ဘာစစ်တွင် ပြင်သစ်တပ်မတော်နှင့် မဟာမိတ်တပ်များက သိမ်းပိုက်၍ လွတ်လပ်သော ဆီးရီယားနိုင်ငံ၏ မြို့တော်အဖြစ် ကြေငြာခဲ့ပါတယ်။ ။ အလွန်ရှေးကျသော မြို့ကြီးဖြစ်တာကြောင့် လမ်းများဟာ အချို့နေရာ၌ ကျဉ်းမြောင်းပြီး ညစ်ညမ်းလွန်းလှပါတယ်။ ဒါပေမယ့်လည်း တမန်တော်စိန်ပေါ ဖြတ်သွားခဲ့ဘူးသည်ဟု ဆိုသော လမ်းမကြီးကတော့ အလွန်ရှည်လျား ဖြောင့်တန်းပြီး ဆိုင်ကနားများဖြင့် ပြည့်နှက်လျက်ရှိပါတယ်။ ထိုလမ်းတွင် ပိုးထည်၊ စောင်နှင့် သတ္တုကုန်ပစ္စည်းများကို ရောင်းချကြကာ ဒမားစကပ်မြို့ကြီးကား ရှေးအခါမှစကာ ယခုထိ ကူးသန်းရောင်းဝယ်ရေးတွင် ဗဟိုအချက်အခြာမြို့ကြီး အဖြစ်ရှိလို့နေပါတယ်။ 

Source : wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။