လစဉ်အမြဲရွေးချယ်ပေးနေတဲ့ မြန်မာ့အောင်ဘာလေထီမှာ သိန်းဆုရှင်ကြီးတွေကတော့ ပရိသတ်တွေကြားမှာများစွာရှိခဲ့ပါပြီ။ လက်ရှိ ဇွန်လအတွက်လည်း သိန်းဆုရှင်များစွာကို ရွေးချယ်ပေးခဲ့ပြီး ပရိသတ်တွေမျှော်လင့်နေတဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုရှင်တစ်ဦးကတော့ ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါပြီ။ အဆိုပါ သိန်းတစ်သောင်းခွဲကံထူးရှင်ကတော့ မန္တလေးတိုင်းဒေသကြီး မြရည်နန္ဒာရပ်ကွက်၊ ဗ(၂၃)တွင် နေထိုင်သည့် ပွင့်သစ်ကွမ်းယာဆိုင်ပိုင်ရှင်ဇနီးမောင်နှံနှစ်ဦးပဲဖြစ်ပါတယ်။  

အဆိုပါ ကွမ်းယာဆိုင်ရှင်နှစ်ဦးကတော့ ကိုဝင်းကျော်နှင့် မသီတာအေးအမည်ရှိသူနှစ်ဦးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ထိန်ကန်ရွာကျေးရွာ ဇာတိဖြစ်ကြောင်း သိရပါတယ်။ မန္တလေးမှာနေထိုင်ခဲ့တာ ၁၅ နှစ်ခန့်ရှိပြီဖြစ်ပြီး ပွင့်သစ်ကွမ်းယာဆိုင်နှင့်အတူ သားနှစ်ယောက်ကို ပိုင်ဆိုင်ထားသူတွေဖြစ်ကြောင်း သိရပါတယ်။ သိန်းတစ်သောင်းခွဲကံထူးမှုနဲ့ပတ်သက်ပြီး "အစကတော့ မယုံဘူးပေါ့။ ဒီလောက်ထိ ကံကောင်းလိမ့်မယ် မထင်ဘူးလေ။ ဒါနဲ့ထီပြန်တိုက်ကြည့်တော့ ဟုတ်နေတာ အရမ်းလည်းပျော်သွားတယ်။ အရင်ဆုံးသတိရတာကတော့ ရွာဦးကျောင်းပေါ့ ရွာဦးကျောင်းကို လှူမယ် ။ ကားဝယ်ပေးမယ် ။ နောက်ပြီး နှစ်ဖက်မိဘကို ကန်တော့မယ် ။ သားနှစ်ယောက်ကို အလှူပေးမယ် "ဟု သိန်းတစ်သောင်းခွဲ ကံထူးရှင် မသီတာအေးက ပြောပြထားပါတယ်။  

ထီပေါက်ဂဏန်းမှာ ကခ-၅၅၅၂၈၁ ဖြစ်ပြီး ဇနီးမောင်နှံနှစ်ဦးမှာ ငါးစောင်တွဲထီလက်မှတ်မှကံထူးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဆုငွေတွေထဲက အချို့ကို အလှူအတန်းပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိရောင်းချနေတဲ့ ကွမ်းယာဆိုင်ကိုလည်း ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ကွမ်းယာရောင်းရင်း ကျပ်သိန်းတစ်သောင်းခွဲကံထူးရှင်ဖြစ်ခဲ့တဲ့ မန္တလေးမြို့မှ ကံထူးရှင်မိသားစုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos - သူရိန်လင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။