ခေတ်မီလာတဲ့ အားကစားနည်းတွေထဲမှာ မကြာခဏပြုလုပ်တက်တဲ့ စုပေါင်းစက်ဘီးစီးပွဲကိုတော့ ပရိသတ်တွေလည်း မကြာခဏကြားသိကြမယ်ထင်ပါတယ်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား လူထုအားကစားပွဲများအား ဖော်ဆောင်လျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ စက်ဘီးစီးနေ့ World Bicycle Day အထိမ်းအမှတ်အဖြစ် လူထုစုပေါင်းစက်ဘီးစီးပွဲ အခမ်းအနားကို ဒီကနေ့ နံနက်(၇)နာရီအချိန်က လွိုင်ကော်မြို့၊ နာရီစင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။  

အခမ်းအနားအား ပြည်နယ်စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးက သေနတ်ပစ်ဖောက်၍ တာလွှတ်ခြင်း ဆောင်ရွက်ခဲ့ပါတယ်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သည့် စက်ဘီးစီးဝါသနာရှင်များသည် လွိုင်ကော်မြို့နာရီစင်မှ ကန္တရဝတီ လမ်းမကြီးအတိုင်း အားကာသိပ္ပံ ၊ ပညာရေးကောလိပ်ရှေ့မှတစ်ဆင့် နာနတ်တောလမ်းဆုံ ၊ ယင်းမှ ကားကြီး ကွင်းဖြတ်လျက် ကန္တရဝတီလမ်းမကြီးအတိုင်း စုပေါင်း စီးနင်းခဲ့ကြပြီး စုရပ်ဖြစ်သည့် နာရီစင်ရှေ့တွင် ပြန်လည် ပန်းဝင် ခဲ့ကြကြောင်း သိရပါတယ်။  

အဆိုပါ ကမ္ဘာ့စက်ဘီးစီးနေ့ (World Bicycle Day) အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးစီးပွဲ အခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးညီညီမင်း၊ ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး နှင့် စက်ဘီးဝါသနာရှင်(၁၃၀)ဦးခန့် ပျော်ရွှင်စွာ ပါဝင်စီးနင်းခဲ့ ကြကြောင်းသိရပါတယ်။ မကြာခဏပြုလုပ်လေ့ရှိတဲ့ လူထုစက်ဘီးစီးပွဲတွေထဲက စည်စည်ကားကားဖြစ်ခဲ့တဲ့ ဒီကနေ့စက်ဘီးစီးပုံရိပ်ချို့ကိုမျှဝေပေးလိုက်ပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။