၂၀၁၉-၂၀ ခုနှစ် ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်း များကို မနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာကျောင်းများနှင့်အတူ အခြားအခြားသောတိုင်းဒေသကြီးတွေမှာလည်း ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ လာရောက်ကျောင်းတက်ခဲ့ကြကြောင်း သိရပါတယ်။ နေပြည်တော် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်စီစီဝင်းက “ဒီနှစ်က သင်ကြားရေးစာအုပ်တွေ ကို အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းအကုန်ပေးပါတယ်။ မူလတန်းမှာ ဆိုရင် ကျောင်းသား တစ်ဦးကို ဗလာစာအုပ် တစ်ဒါဇင် အခမဲ့ပေးပါတယ်။ ဒီနေ့ကျောင်းစဖွင့်တဲ့နေ့ကနေ စာသင်နှစ် တစ်နှစ်လုံး ကျောင်းသားတွေအားလုံးကို စည်းကမ်းကောင်းပြီး လိမ္မာယဉ်ကျေးတဲ့ကလေးတွေ ဖြစ်အောင်နဲ့ စာပေမှာ ထူးချွန်ထက်မြက်တဲ့ လူတော်လူကောင်းတွေဖြစ်အောင် မွေးထုတ်ပေးဖို့ ကျွန်မတို့ကျောင်းကဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေအားလုံးက ကြိုးစားနေပါတယ်။ ကျောင်းသွားကျောင်းပြန် အဆင်ပြေအောင်လည်း ကျောင်းကား တွေကို နိုင်ငံတော်က စီစဉ်ပေးထားပါတယ်။ စာသင်ကြားရေး မှာလည်း ကြိုတင်ပြင်ဆင် ထားတဲ့ အတွက် သင်ကြားပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောပြခဲ့ပါတယ်။  

ယခုနှစ် ပညာသင်နှစ်တွင် အသက် ၅ နှစ်ပြည့်ကလေးငယ်များကို KG တန်း တွင်လည်းကောင်း၊ အသက် ၆ နှစ် ကလေးငယ်များကို ပထမတန်း Grade 1 တွင်လည်းကောင်းကျောင်း အပ်လက်ခံဆောင်ရွက်ရန် အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားထားကြောင်းသိရပါတယ်။ ယနေ့တွင် ပြည်ထောင်စုနယ်မြေအတွင်းကားလမ်းမကြီးများနှင့် နီးစပ်ရာ ကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာ ကျောင်းတက် ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကူညီဆောင် ရွက်ပေးလျှက်ရှိတာလည်းတွေ့ရပါတယ်။  

အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုတွင် အခမဲ့ဖြစ်သည့် အပြင် မူလတန်းမှ အထက်တန်း အထိကျောင်း သုံးစာအုပ်များ ကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ပါတယ်။ ယခုနှစ် ကျောင်းအပ် ချိန်တွင် အခြေခံကျောင်းများ အားလုံး တွင် ကျောင်းအပ် လက်ခံရာ၌ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေး ကိရိယာကြေး၊ စာကြည့်တိုက်ကြေးများ အပါအဝင် မည်သည့် အခကြေးငွေမှ ကောက်ခံ ခြင်းမရှိပါကြောင်း သိရပါတယ်။ အခြေခံပညာဦးစီးဌာနတွင် အခြေခံပညာကျောင်းပေါင်း (၄၇၀၀၅) ကျောင်း၊ ကျောင်းအုပ်ကြီးများအပါအဝင် သက်ကြားရေး ဆရာဆရာမ ဦးရေ (၄၀၄၄၄၄) ဦးနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း များ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ကျောင်းသားကျောင်းသူများ အပါအဝင် စုစုပေါင်းကျောင်းသားကျောင်းသူဦးရေ ၉ ဒသမ ၇ သန်းကျော်ကအခြေခံပညာရေးအဆင့်တွင် သင်ကြားလျက် ရှိကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။