ပြည်တွင်းရေရှားပါးတဲ့ ဒေသတွေကို သောက်သုံးရေအလုံအလောက်ရရှိဖို့အတွက် တာဝန်ရှိသူတွေက ကူညီဖြေရှင်းပေးလျှက်ရှိပြီး သောက်သုံးရေလှူဒါန်းမှုတွေအတူ အခြားအခြားသောနည်းလမ်းတွေကိုလည်း အသုံးပြုဖြေရှင်းလျှက်ရှိတာတွေ့ရပါတယ်။ မကြာသေးမီက ရေရှားပါးရာဒေသတွေအတွက် အထောက်အပံ့တစ်ခုဖြစ်ပေါ်လာစေရန် လူထုဗဟိုပြု မြေအောက်ရေပေးဝေမှုကိုပြုလုပ်ဆောင်ရွက်လျှက်ရှိတာတွေ့ရပါတယ်။ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ လူထု ဗဟိုပြု စီမံကိန်းက ခပေါင်းတော ကျေးရွာတွင် မြေအောက်ရေမှ ရေပေးဝေရေးလုပ်ငန်းကို ဆောင်ရွက်ထားပြီး ရေတင်ခြင်း၊ ရေစုခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဆောက်ရွက် ထားသည့်အတွက် ကျေးရွာနေပြည်သူအားလုံး ဒီကနေ့မှ စတင်ကာ သောက်သုံးရေကို လွယ်ကူစွာရရှိနေကြပြီဖြစ်ကြောင်း သိရပါတယ်။  

“ ကျွန်မတို့ရွာက အိမ်ခြေ ၇၃ အိမ်ရှိ၊ လူဦးရေ ၃၄၆ ဦးရှိတဲ့ ရွာငယ်လေးတစ်ရွာပါ၊ နှစ်စဉ် နွေရာသီ ရောက်တိုင်း ရေပြတ်လေ့ရှိတယ်။ ရေရှိတဲ့ချောက်နဲ့ ချောင်းတွေမှာ ကလေးကော လူကြီးတွေပါ ရေရဖို့ အချိန်ကုန် လူပင်ပန်းခံသွားခပ်ရတယ်။ သက်ကြီး ရွယ်အိုတွေကအစ ကျေးရွာနေပြည်သူအားလုံး ချောင်းထဲရှိ လက်ယက်တွင်းတွေမှာ ခက်ခက်ခဲခဲ ရေသွားချိုး ရတယ်၊ ရွာကလည်းငယ်၊ လူဦးရေကလည်း နည်းတော့ ကျွန်မ တို့ဖာသာ လုပ်ဖို့ဆို မဖြစ်နိုင်ပါဘူး။ လူထုဗဟိုပြုစီမံကိန်းက ပြုလုပ်ပေးတော့ ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းတွေပါမကျန် အိမ်တိုင်းမှာ ရေကိုလွယ်လွယ်ကူကူ ရနေလို့ အားလုံးဝမ်းသာ ပျော်ရွှင် နေကြရပါပြီ ။ စီမံကိန်းကိုလည်း ကျေးဇူးတင်ပါတယ် “ ဟု ခပေါင်းတော ကျေးရွာနေ ဒေါ်မြင့်မြင့်စန်းက ပြောပြထားပါတယ်။ 

အဆိုပါ လုပ်ငန်းမှာ အိမ်တိုင်ရာရောက် ရေပေးဝေရေး ဆောင်ရွက် ပေးခြင်းဖြစ်ပြီး အချင်း ၆ပေ၊ အနက် ၂၆ ပေရှိ ရေတွင်းတူးကာ ထိုရေအား ၃၂ ကောင်အားရှိသော အင်ဂျင်စက်ဖြင့် စုပ်ယူပြီး အလျား ၁၈ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၅ ပေရှိ ဂါလံ ၁၀၀၀၀ ဆံ့၊ RC သံကူကွန်ကရစ်ကန် ရေစုကန်အတွင်းသို့ပို့ဆောင်ပေးပြီး ထိုမှတဆင့် တစ်အိမ်ရေတစ်ငုပ် ဖြန့်ဝေပေးသော စနစ်ဖြင့် ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်။ လူထုဗဟိုပြုစီမံကိန်း ပံ့ပိုးငွေ ကျပ် ၁၉၉၉၉၆၀၀ ဖြစ်ပြီး၊ ကျေးရွာလူထုမှ လှူဒါန်းငွေ ကျပ် ၂၇၂၀၀၀ ဖြင့် ဇန်နဝါရီ ၁၈ ရက်မှ စတင်ကာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဖြစ်ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။