ရိုးရာအားကစားနည်းတစ်ခုဖြစ်သလို ပြည်ပနိုင်ငံတွေကပါ စိတ်ဝင်စားခြင်းခံနေရတဲ့ ခြင်းခတ်ပြိုင်ပွဲတွေကို ယခုနောက်ပိုင်းပိုမိုလုပ်ဆောင်လာပြီး စည်စည်ကားကားကျင်းပလေ့ရှိတာလည်းတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ဒီကနေ့နံနက်(၁၀)နာရီက တောင်ကြီးမြို့ပြည်နယ် လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။  

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား)ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပိုက်ကျော်ခြင်း အားကစားနည်းသည် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု၊ လျင်မြန်ဖျတ်လက်မှု၊ သက်လုံနှင့် ကြံ့ခိုင်မှုတို့ပါ ပြည့်ဝရန် လိုအပ်သည့် အားကစားနည်းဖြစ်သည့်အပြင် အသင်းလိုက် စုစည်းညီညာစွာနှင့် အပေးအယူမျှတစွာ ကစားရသည့် အားကစားနည်းဖြစ်ပါကြောင်း ပြောပြခဲ့ပါတယ်။ ဒါအပြင်အနိုင်မခံ အရှုံးမပေးသော ဇွဲစိတ်ဓာတ်နှင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများကို တသွေမတိမ်း လိုက်နာရသည့် စည်းကမ်းသေဝပ်မှု၊ တရားသော ယှဉ်ပြိုင်အနိုင်ရမှုကို ထပ်မံကျင့်သုံးခြင်း ဆိုသည့် သဘောထားဖြူစင်မှု ကြံရည်ဖန်ရည်ကို အားကိုးအားထားပြုသော ဉာဏ် စွမ်းအားကောင်းမှု၊ မိမိအသင်းသားများနှင့် ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်မှုစသည့် ကာယဉာဏစာရိတ္တနှင့် မိတ္တစွမ်းရည်ကိုပါ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ပြောကြား ခဲ့ပါတယ်။ 

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများသည် အသင်း အုပ်ချုပ်သူများ၊ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြကာ ပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် လင်းခေးမြို့နယ် အသင်းနှင့် လောက်ကိုင်မြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြပါတယ်။ အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၃၈)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း (၃၇)သင်းတို့မှ ဇွန်(၅)ရက်နေ့မှ (၉)ရက်နေ့ထိ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အကောင်းဆုံးအားကစားသမားများအား ရွေးချယ်၍ နေပြည်တော်၌ ဇွန်(၂၅)ရက်နေ့မှ ဇူလိုင်(၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီး/ ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ရှမ်းပြည်နယ် ကိုယ်စားပြု လက်ရွေးစင်အသင်းအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။