မကြာခဏဖြစ်ပွားနေတဲ့ ပြည်တွင်းမိုးရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုနဲ့ အခြားအခြားသော သဘာဝဘေးအန္တရယ်တွေကတော့ နေ့ရာအနှံ့အပြားမှာတွေ့ရပါတယ်။ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု မှရိုးကုန်းကျေးရွာတွင် ဇွန် ၂ ရက် ၊ ည ၁၀ နာရီ အချိန်ခန့် က မိုးများသည်းထန်စွာ ရွာသွန်းခဲ့ပြီး အဆိုပါမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုန်းချောင်းကမ်းပါးနှင့် ပေ ၇၀၀ ခန့် အကွာရှိ လူနေအိမ် အလုံး ၂၀ ခန့် မြေအက်ကွဲကြောင်းများ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

မြေအက်ကွဲမှုနေရာများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများအဖွဲ့သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မှရိုးကုန်းကျေးရွာရှိ လူနေအိမ်အလုံး ၂၀ ခန့် မြေအက်ကွဲကြောင်းဖြစ်ပွားမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါတယ်။အဆိုပါ စစ်ဆေးမှုကို ရွှေလှေကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကြည်စိန်နှင့် မှရိုးကုန်းကျေးရွာ ရွာခွဲတာဝန်ခံ ဦးသိန်းတန်နှင့် ရပ်မိရပ်ဖများက မိုးရွာသွန်းမှုကြောင့် မြေအက်ကွဲကြောင်း ဖြစ်ပွားမှု အခြေအနေများကိုရှင်းလင်းပြောကြားခဲ့ကြောင်းသိရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက မိုးရာသီကာလဖြစ်သည့်အတွက် မြေအက်ကွဲကြောင်းဖြစ်ပွားမှုအား မျက်ခြေမပျက် စောင့်ကြည့် စစ်ဆေးသွားရန်နှင့် မိုးသည်းထန်စွာ ထပ်မံရွာသွန်းလာပါက လက်ရှိဖြစ်ပေါ်နေသည့် မြေအက်ကွဲကြောင်း ဧရိယာအတွင်း လူနေအိမ်များအား ထိခိုက် ပျက်စီးမှုများ မဖြစ်စေရေးအတွက် ကြိုတင်ပြောင်းရွှေ့ရန် ကိစ္စရပ်များနှင့် ထူးခြားမှု ရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့တင်ပြရန် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု ၊ မှရိုးကုန်းကျေးရွာသည် အိမ်ထောင်စု ၂၈၅ စု ၊ လူဦးရေ စုစုပေါင်း ၉၄၀ ဦး ခန့်ရှိပြီး ကျေးရွာနေ ပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြကြောင်းသိရပါတယ်။ ကျေးရွာနေ ပြည်သူများအနေဖြင့် ယခုလို မိုးရာသီကာလများတွင် နှစ်စဉ်မုန်းချောင်း ကမ်းပါးပြိုကျမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့ နေရကြောင်းနှင့် ယခုလ ၂ ရက်နေ့က ရွာသွန်းခဲ့သည့်မိုးကြောင့် လူနေအိမ်အလုံး ၂၀ ခန့်ရှိ နေအိမ်ခြံဝန်းများ၌ မြေအက်ကွဲကြောင်းများ ဖြစ်ပွားခဲ့ရာ အဆိုပါ မြေအက်ကွဲကြောင်းဖြစ်ပွားရာ ဧရိယာအတွင်း လူနေအိမ် ၁၀၀ ကျော်ခန့် နေထိုင်လျက်ရှိပြီး ဆက်လက်မိုးသည်းထန်စွာ ရွာသွန်းလာပါက ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရဖွယ်ရှိနေကြောင်း မှရိုးကုန်းကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရပါတယ်။

source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။