ပြည်တွင်း ပြင်းထန်တဲ့ သဘာဝအန္တရယ်တွေကတော့ မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ သဘာဝဘေးအန္တရယ်တွေကြောင့် ဘဝတွေပျက်ဆီးခဲ့ရသလို လူသေမှုတွေကလည်းမရေမတွက်နိုင်အောင်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒီကနေ့နံနက် (၂) နာရီခန့်တွင် မိုးကုတ်မြို့နယ်၌ မြေပြိုကာ နေအိမ် (၂) လုံး ပျက်စီးပြီး လူ (၁) ဦး သေဆုံး၊ (၂) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။  

မိုးကုတ်မြို့နယ် ဘီးတောင်ရပ်၌ မြေပြိုကာ နေအိမ်တစ်လုံး ပျက်စီးပြီး ဒေါ်အုန်းကြည် (၅၉) နှစ် သေဆုံးကာ ၎င်း၏ တူတော်စပ်သူ မောင်ပြည့်စုံဖြိုးမှာ ခါးတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ ဒါအပြင် အောင်သာယာ ရပ်ကွက် ဦးဆွန်နီး၏ နေအိမ်နောက်မှ ပေ(၃၀) ခန့်မြင့်သော ကမ်းပါးပြိုကျခဲ့၍ အိမ်အလုံးလိုက် အောက်သို့ လျောကျပျက်စီးသွား ခဲ့ပြီး ဦးဆွန်နီး၏ ဦးခေါင်းတွင် ဒဏ်ရာရရှိရာ (စောင့်ကြည့်ဆဲ) မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပါတယ်။ 

အဆိုပါ သဘာဝဘေးသင့် ပြည်သူများအား မိုးကုတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ကာ နံနက်မိုးလင်းချိန်တွင် အရေးပေါ်သုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရပါတယ်။ မိုးကုတ်မြို့နယ်သည် မိုးများသည့်ဒေသ ဖြစ်သောကြောင့် ယခုကဲ့သို့ ဖြစ်စဉ်မျိုး မကြာခဏ ကြုံတွေ့ နေရကာ ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်များအနီးတွင် မြေပြိုကျနိုင်သည့် ကမ်းပါးများ ရှိနေပါက ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်နှင့် ဖြစ်ပေါ် လာပါက ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အမြန်ဆုံး အကြောင်းကြားရန် မိုးကုတ် မြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒု-တပ်ရင်းမှူး ဦးသာဌေးကပြောကြားခဲ့ပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။