ပစ်ခတ်မှုအများဆုံးဖြစ်ပွားလေ့ရှိတဲ့ ရခိုင်ပြည်နယ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ ဖြစ်ရပ်တွေကို ပရိသတ်တွေလည်းသိရှိကြမယ်ထင်ပါတယ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ကျေးရွာအချို့ရှိ ခိုလှုံရာဘုန်းတော်ကြီးကျောင်းကယ်ဆယ်ရေး စခန်းများသို့ ခိုလှုံရောက်ရှိလာသောအိမ်ထောင်စုဝင်များ၊ သေဆုံးသွားသူများနှင့် ဒဏ်ရာရလူနာများ အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို မနေ့က မွန်းတည့် ၁၂ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနမှ အဆိုပါ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကာထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။  

ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်နှင့် ဝန်ထမ်းများက ခိုလှုံရာကယ်ဆယ်ရေး စခန်း ၇ ခုတွင်ရောက်ရှိခိုလှုံနေသော အိမ်ထောင်စုဝင်စုစုပေါင်း ၃၃၆ စုရှိ လူဦးရေ ၁၄၄၇ ဦးတို့အတွက် သွားရောက်ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါပေးအပ်မှုမှာတော့ ကျားလုံချည်၊ မလုံချည် ၊ တဘက်နှင့် တီရှပ်ပါ ကယ်ဆယ်ရေး ပစ္စည်းလေးမျိုးနှင့် တစ်လစာဆန်ရိက္ခာ ၄၃၄ အိတ်၊ ၂ ပြည် နှင့် ၄ ဗူးအား အဆိုပါကယ်ဆယ်ရေးစခန်းရှိ တာဝန်ခံများထံသို့ ပေးအပ်ထောက်ပံ့ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 

ထို့နောက် တာဝန်ရှိသူများက မင်းပြားမြို့နယ်နှင့်မြောက်ဦးမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် ထိဒဏ်ရာရရှိသူ လူနာ ၁၆ ဦးနှင့် သေဆုံးသူ ၇ဦးတို့အတွက်ထောက်ပံ့ငွေသွားရောက်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ကျည်ထိဒဏ်ရာရရှိသူ ၁၆ဦးတို့အတွက် တစ်ဦးလျှင် ၅၀၀၀၀ကျပ် ထောက်ပံ့ပေးအပ်ခဲ့ပြီး သေဆုံးသွားသူ ၇ ဦးတို့အတွက် တစ်ဦးလျှင် ၃၀၀၀၀၀ ကျပ်နှုန်းစီကို သေဆုံးသွားသူ၏ မိသားစုဝင်များ ထံ သို့သွားရောက်ကာ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။

SOURCE - moi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။