တချို့သောမိခင်တွေကတော့ သားသမီးတွေကိုလူ့လောကထဲရောက်အောင် ခေါ်ဆောင်ခဲ့ကြပေမယ့် တကယ့်တကယ်ရောက်လာတဲ့အခါမှာ သားသမီးတွေကို တာဝန်မယူနိုင်ဘဲ စွန့်ပစ်တာတွေ သတ်ပစ်တာတွေ လုပ်တတ်ကြပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၅ ထိုင်းနိုင်ငံမှာဆိုရင်လည်း အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးဟာ သူမကိုယ်တိုင်မွေးထားတဲ့ မွေးကင်းစကလေးငယ်လေးကို အထုပ်ထဲထည့်ပြီး အမှိုက်ပုံမှာ လာရောက်စွန့်ပစ်ထားခဲ့ပါတယ်။

ဒီကလေးလေးကတော့ သူမရဲ့ငါးယောက်မြောက်ကလေးလေးဖြစ်သလို သူ့ကိုမပြုစုမစောင့်ရှောက်နိုင်တော့ဘူးဆိုပြီး ဆာမ်ဖရန်းမြို့နယ် ကထုမ့်လွမ့်ရပ်ကွက် ကထုမ့်လုမ့် ၂၇ လမ်းကြားက အမှိုက်ပုံတစ်ခုမှာ လာရောက်စွန့်ပစ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင်သူမဟာ ဒီကလေးငယ်လေးကို သူမနေထိုင်တဲ့တန်းလျားက အိမ်သာထဲမှာ ကိုယ်တိုင်ပဲမွေးခဲ့ပြီး ချက်ကြိုးကိုလည်း ကိုယ်တိုင်ဖြတ်ပြီး အခုလိုလာရောက်စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူမလာရောက်စွန့်ပစ်ပြီး သိပ်မကြာခင်မှာလည်း အနားကလူတစ်ယောက်ဟာ ကလေးငယ်လေးကိုမြင်တွေ့သွားပြီး သက်ဆိုင်ရာကိုအကြောင်းကြားက ကလေးငယ်လေးကို ဆေးရုံသို့ပို့ဆောင်ဆေးကုသပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ တာဝန်ရှိသူတွေဟာ အနားကစီစီတီဗွီကင်မရာကနေ လာပစ်သူအမျိုးသမီးကိုရှာဖွေခဲ့ပြီး ၎င်းကင်မရာထဲမှာသေချာတွေ့ခဲ့ရတဲ့ ကလေးလေးရဲ့မိခင် နန်းဆောဝ် ဝရားဖွန် ကိုသွားရောက်ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခဲ့ချိန်မှာတော့ သူမဟာ ဒီကလေးလေးကိုစောင့်ရှောက်ဖို့အတွက် ကျွန်မလုံးဝမတတ်နိုင်ပါဘူး ၊ ဒါ့ကြောင့် တယောက်ယောက်က ကောက်ယူမွေးစားပါစေလို့ မျှော်လင့်ပြီး စွန့်ပစ်ခဲ့တာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။

သို့ပေမယ့် ဒီဖြစ်ရပ်ကိုကြားသိရတဲ့လူတချို့ကတော့ မကျွေးမွေးနိုင်ရင် အစထဲကမယူသင့်ဘူး ယူပြီးတော့မှ အခုလိုလုပ်တာကတော့ ဘယ်လိုမှခွင့်မလွှတ်သင့်ဘူးလို့ ပြောဆိုနေကြတာတွေ့ရပါတယ်။

Source –The Thaiger 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။