ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲ၊ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ဒီကနေ့ နံနက် ၁၀ နာရီက အ.ထ.က-ခွဲ(မင်းတန်း)ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရပါတယ်။ အခမ်းအနားတွင် မော်လမြိုင်မြို့ အမှတ်(၃၈)မူးယစ်တပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲမှူး မြင့်ထူးက မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးဆိုင်ရာရည်ရွယ်ချက်များ ဖြစ်သော ကျောင်းသားနှင့် လူငယ်ထုအတွင်း မူးယစ်ဆေးဝါးများ မဝင်ရောက်လာစေရန်၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ဆိုးကျိုးများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလာစေရန်၊ ပြည်သူလူထုမှ ပူးပေါင်းပါဝင်လာစေရန်နှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများကို ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးကျော်စိုးအောင်မှ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ် ဖောက်ကားသူများ အတွက် ပြဋ္ဌာန်းထားသော မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကို သိမြင်လာအောင်ပြောကြားခဲ့ပါတယ်။ ဒါအပြင် ပေါင်မြို့မစခန်းမှ ဒုရဲမှူး ထွန်းဇော်ဦး က မြို့နယ်အတွင်းရှိ မှုခင်းကြိုတင် ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်နေမှုများ၊ လူကုန် ကူးမှု အသိပညာပေး ဆောင်ရွက်နေမှုများ၊ သက်ငယ်မုဒိမ်းမှုအကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ 

ခင်းကျင်းပြသထားသည့် နိုင်ငံတော်အစိုးရအဖွဲ့၏ တိုင်းကျိုးပြည်ပြု လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဆိုင်ရာ နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်များ၊ သက်ငယ် မုဒိမ်းအကြောင်း နံရံကပ်စာစောင်များကို မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတို့က ကြည့်ရှု လေ့လာခဲ့ကြကြောင်းသိရပါတယ်။ အလားတူ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျေးရွာနေပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် မြို့နယ်တွင်းရှိ အ.ထ.က ကျောင်းများနှင့် အ.ထ.က-ခွဲကျောင်းများ အ.လ.က ကျောင်းများနှင့် ကျေးရွာများတွင် အသိပညာပေး ဟောပြောသွားမှာပဲဖြစ်ပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။