ကျော်သူသည် ရုပ်ရှင်သရုပ်ဆောင် နှင့် ရုပ်ရှင်ဒါရိုက်တာ အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆု နှစ်ခု ရရှိထားသူ ဖြစ်သည်။ ၁၉၅၉ နိုဝင်ဘာလ ၂ ရက် တွင်မွေးဖွားသည်။ ၁၉၈၀ နှင့် ၁၉၉၀ နှစ်များအတွင်း မြန်မာ့ရုပ်ရှင် ထိပ်ပိုင်းဦးဆောင်သူများထဲမှ တစ်ဦးအဖြစ် ရုပ်ရှင်များကို ရိုက်ကူးခဲ့သည်။ ကျော်သူသည် ဆင်းရဲသားများအတွက် လူမှုရေးလုပ်ငန်းများတွင် အချိန်များစွာ စိုက်ထုတ်နေပြီး၊ ထိုလုပ်ငန်းသည် မြန်မာစစ်အစိုးရအတွက် ပြောဆိုဝေဖန်မှုများဖြစ်စရာ တဖြည်းဖြည်း ဖြစ်လာသည်။ ကျော်သူသည် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ကျော်သူသည် ဦးစိန်တင်၊ ဒေါ်မြသန်း တို့မှ ရန်ကုန်တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ကျော်ဝင်း ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တက်ရောက်ခဲ့ပြီး၊ ရုပ်ရှင်လုပ်ငန်းတွင် ဇောက်ချလုပ်ကိုင်လို၍ တက္ကသိုလ်နောက်ဆုံးနှစ်တွင် ကျောင်းထွက်ခဲ့သည်။ လှိုင်တက္ကသိုလ်ကျောင်းဝင်းတွင် ကျောင်းတက်နေစဉ် ဇနီးဖြစ်လာမည့် မြင့်မြင့်ခင်ဖေ နှင့် ၁၉၇၈ တွင် တွေ့ဆုံခဲ့သည်။ ကျော်သူသည် မြင့်မြင့်ခင်ဖေနှင့် လက်ထပ်ခဲ့ပြီး၊ သား ပြည်သိန်းကျော် နှင့် သမီး မြင့်မိုရ်ဦး တို့ မွေးဖွားခဲ့သည်။

ကျော်သူသည် ရုပ်ရှင်လောကသို့ ၁၉၈၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး၊ ရုပ်ရှင်သက်တမ်းအနှစ် နှစ်ဆယ်ကျော်အတွင်း ရုပ်ရှင်ကား ၂ဝဝ ကျော်တွင်ပါဝင်၍ ဒါရိုက်တာအဖြစ် ရုပ်ရှင် ၆ ကား ရိုက်ကူးခဲ့သည်။ ၁၉၈၀ နှင့် ၁၉၉၀ နှစ်များတွင် ကျော်သူသည် မြန်မာ့ရုပ်ရှင်တွင် အောင်မြင် ကျော်ကြားသူများထဲမှ တစ်ယောက်ဖြစ်သည်။ 

“တစ်ပြည်သူမရွှေထား” ရုပ်ရှင်တွင် အကောင်းဆုံးသရုပ်ဆောင်ခဲ့သည့်အတွက် ၁၉၉၄ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု ကို ရရှိခဲ့သည်။ အများကယုံကြည်နေကြသည်မှာ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးအဖွဲ့ (MMPO) မှ ဝါဒဖြန့်ချီရေးကားများတွင် ပါဝင်သရုပ်ဆောင်ရန် တောင်းဆိုလာမှုများကို ခေါင်းငြိမ့်လိုက်လျောခဲ့မည်ဆိုပါက ကျော်သူသည် ထူးချွန်ဆုများစွာ ပို၍ ရရှိမည်ဖြစ်သည်။ ၁၉၉၄ ခုနှစ်အထိ ဝါဒဖြန့်ကားများကို ငြင်းဆိုခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် သူ၏ရုပ်ရှင်ကားများထဲမှ တစ်ကားသည် လူကြိုက်များပြီး၊ ဆုရရှိမည်ဟု ခန့်မှန်းပြောဆိုကြသော်လည်း ဆုတစ်ခုမှ မရရှိခဲ့ပါ။ ၁၉၉၄ ခုနှစ်အရောက် နောက်ဆုံးတွင် သူသည်အစိုးရလိုလားသည့် ရုပ်ရှင်ကားရိုက်ရန် သဘောတူလိုက်ရပြီး၊ တစ်ပြည်သူနှင့် ဆုရရှိခဲ့သော်လည်း ယခင်ရိုက်ခဲ့သည့်ကားများလောက်ပင် အားမရခြင်းကို သူခံစားခဲ့ရသည်။

ဒုတိယအကယ်ဒမီဆုကို ၂ဝဝ၃ ခုနှစ်၏ “အမေ့နို့ဖိုး” ရုပ်ရှင်ကားအတွက် အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့သည်။

နိုင်ငံ၏ဆင်းရဲသားများကိုကူညီရန် သူ၏ထင်ပေါ်ကျော်ကြားမှုများကို အသုံးပြုခဲ့သည်။ သူသည် ဆင်းရဲသားများအား အခမဲ့နာရေးအကူအညီပေးသည့် အခမဲ့နာရေးကူညီမှုအသင်းကိုစတင်တည်ထောင်သူနှင့် ဒုတိယဥက္ကဋ္ဌ (ယခု ဥက္ကဋ္ဌ ) ဖြစ်သည်။ကျော်သူ နှင့် သူ၏ဇနီးတို့သည် ၂ဝဝရ စက်တင်ဘာ ရဟန်းသံဃာများ ဆန့်ကျင်ဆန္ဒပြမှုကို လူသိရှင်ကြား ကူညီထောက်ခံခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရသည်။ သူသည် လန်ဒန်ရှိ မြန်မာအဖွဲ့အစည်း၏ ၂ဝဝ၉ ခုနှစ်အတွက်ပေးသော “လူထုအတွက်ရပ်တည်ပေးသော အနုပညာရှင်” ဆုကို ရရှိခဲ့သည်။

၂၀၁၁-ခု၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)

ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ တို့အား ရန်ကုန်မြို့ ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ Doctor of Humane Social Services ဘွဲ့နှင့် Master of Humane Social Services ဘွဲ့ကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

Source: ကျော်သူအကြောင်း စွယ်စုံကျမ်း

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။