ဟင်္သာတမြို့နယ်၊ ဥယျာဉ်စုကျေးရွာရှိ လေဘေးသင့်ပြည်သူများနှင့် ပုသိမ်-ငရုတ်ကောင်း - ဂေါ်ရင်ဂျီကျွန်း သွားကားလမ်း လမ်းချော်မှုတို့အား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း ဧပြီ ၁၆ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှု များကြောင့် ပဲကြီးကျွန်းအုပ်စု၊ ဥယျာဉ်စုကျေးရွာရှိ လူနေအိမ် ၅ လုံးနှင့် ၀ိဇိတရာမဘုန်းတော်ကြီးကျောင်းမှ ဓမ္မာရုံတို့၌ အမိုးများပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးပေါ်သို့ ကုက္ကိုပင်လဲကျသဖြင့် အိမ်ပိုင်ရှင် ၁ ဦး သစ်ကိုင်းပိသေဆုံးခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါနေရာသို့ အနောက်တောင်တိုင်းစစ်ဌာချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အမိုးများအား ဖယ်ရှားရှင်းလင်းခြင်း၊ လမ်းပိတ်လျက်ရှိသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ပျက်စီးသွားသည့် နေအိမ်များမှ မိသားစုများအား နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် လေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်လှူဒါန်းပြီး ဒေသခံပြည်သူများအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ ငရုတ်ကောင်းမြို့နယ်အတွင်း ဧပြီ ၁၆ ရက် ညနေပိုင်းတွင် မိုးသည်းထန် စွာရွာသွန်းမှုများကြောင့် ကြွေချိုင့်ကျေးရွာအနီးရှိ ပုသိမ်- ငရုတ်ကောင်း- ဂေါ်ရင်ဂျီကျွန်း သွားကားလမ်းချော်ကာ မော်တော်ယာဉ် ၄၂ စီးခန့် ပိတ်ဆို့မှုများဖြစ်ပွားခဲ့ရာ အဆိုပါနေရာသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ရွှံ့စေးမြေများခြစ်ထုတ်ခြင်း၊ 

ကျောက်များ ခင်း၍ မြေသားထည့်ခြင်းများ ဆောင်ရွက်ပေးရာ ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်တွင် လမ်းချော်နေသည့် မော်တော်ယာဉ် ၁၁ စီးနှင့် ညနေ ၃ နာရီခန့်တွင် မော်တော်ယာဉ် ၃၁ စီးတို့သည် အဆိုပါနေရာမှ ဆက်လက်ထွက်ခွာနိုင်ခဲ့ကြောင်းနှင့် ငရုတ်ကောင်းတောင်နှင့် ဂေါ်ရင်ဂျီကျွန်းသွားကားလမ်းတစ်လျှောက်တွင် ရပ်တန့်ပိတ်ဆို့နေသော ခရီးသွားယာဉ်များ မရှိတော့ကြောင်း သတင်းရရှိသည်။

သတင်းအရင်းမြစ် Mya waddy fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။