နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ဒီကနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက်ရှိ "အေးမေတ္တာစံ" တောင်နီလေး ပရဟိတကျောင်းတိုက်၌ ကျင်းပခဲ့တဲ့ "အေးမေတ္တာစံ" တောင်နီလေး ပရဟိတ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာ၏ ဝိဇာတမွေးနေ့မင်္ဂလာတွင် ထာဝရ ငြိမ်းချမ်းရေးစေတီတော် မြတ်ကြီးအတွက် ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ စက်ရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသာသနနှင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာဒိစ္စဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူ ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။ 

အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ဧည့်ပရိသတ်များသည် ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ စက်ရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသာသနထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်တို့ကို နာယူခဲ့ကြပါတယ်။ ထို့နောက်နိုင်ငံတော်သမ္မတနှင့် ဇနီးသည်ဧည့်ပရိသတ်များက အခမ်းအနားသို့ ကြွရောက်ချီးမြှင့် တော်မူကြသည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြကြောင်း သိရပါတယ်။ ဒါအပြင် "အေးမေတ္တာစံ" တောင်နီလေး ပရဟိတကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာက ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီး အတွက် ငွေကျပ် သိန်း ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော်သမ္မတက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ဆက်ကပ်ခဲ့ကြောင်း သိရပါတယ်။ 

နိုင်ငံတော်သမ္မတက ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီးအတွက် ငွေကျပ်သိန်း ၁၀၀၀ ကို ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းထံ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးက ဧည့်ပရိသတ်များက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တအာဒိစ္စဝံသထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပါတယ်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုနှင့် ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။