တစ်စုံတစ်ယောက်က ကိုယ့်အပေါ်ယုံကြည်မှုပျောက်ဆုံးသွားတာ ဝမ်းနည်းဖို့ကောင်းပါတယ်။ မိဘတွေကပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေကပဲဖြစ်ဖြစ် ဖြစ်လာပြီဆိုရင် နာကျင်ခံစားရစမြဲပါပဲ။ ဟိုအရင်တုန်းကအတိုင်း ပြန်လည်ယုံကြည်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စတစ်ခုဆိုပေမယ့်လည်း တစ်သက်လုံး ဒီအတိုင်းကြီးနေသွားရတော့မယ်လို့လည်း မဟုတ်ပါဘူး။ ဒီလိုပျောက်ဆုံးသွားတဲ့ယုံကြည်မှူတွေပြန်ရနိုင်ဖို့အတွက်..

၁။ တာဝန်ယူမှုရှိပါစေ

သင် မငယ်တော့ပါဘူး။ အခုဆို မိန်းမပျိုချောလေးတောင် ဖြစ်နေပြီမဟုတ်လား။ အရာအားလုံးအတွက် တောင်းပန်ပါတယ်လို့ပဲ တစ်ချိန်လုံးပြောနေရုံနဲ့ မပြီးပါဘူး။ ကိုယ်လုပ်ခဲ့တဲ့အမှားအတွက် တာဝန်ယူရပါမယ်။ မိဘတွေက သင့်ကို ဘာဖြစ်စေချင်ခဲ့တာလဲ။ အခြေအနေတွေကို ကောင်းမွန်အောင် ပြန်လုပ်ဖို့က သင့်ရဲ့လက်ထဲမှာရှိတာပါ။ နောက်ပြီး မိဘတွေဘက်ကဆိုလည်း သူတို့က သင့်ရဲ့လုပ်ရပ်ကို စောင့်ကြည့်နေမှာဖြစ်တဲ့အတွက်ကြောင့် ယုံကြည်မှုကို ပြန်ရဖို့ အချိန်တော့လိုပါတယ်။

၂။ ပွင့်ပွင့်လင်းလင်းနေပါ

အမှားလုပ်ထားလို့ မခေါ်နိုင်၊ မပြောနိုင်နေရအောင်လည်း သူစိမ်းတွေမဟုတ်သလို၊ ကြောက်လို့ မခေါ်ရဲမပြောရဲဖြစ်နေရအောင်လည်း မူကြိုတန်းကလေးလေး မဟုတ်တော့ပါဘူး။ အမှားကိုသိရင် စိတ်ဆိုးနေတဲ့ သင့်ရဲ့အမေကို အရင်စကားသွားပြောလိုက်ပါ။ ရိုးသားပြီး ပွင့်လင်းမှုရှိပါစေ။

၃။ ကိုယ့်ကိုယ်ကို အပြစ်တင်နေရင် ရပ်လိုက်ပါတော့

သူမှားတာတွေ ငါမှန်တာတွေ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို အပြစ်တင်တာတွေရှိနေသေးရင် အခုပဲ တော်လိုက်ပါတော့နော်။ အဲဒီ့အစား ဘယ်လိုပြန်လည်တောင်းပန်ရမလဲ၊ ယုံကြည်မှုတွေပြန်လည်ရရှိအောင် ဘာတွေပြင်ဆင်ရမလဲသာ စဉ်းစားပါ။ လူတိုင်းအမှားနဲ့ မကင်းပါဘူး။ သင့်ရဲ့မိဘတွေတောင် မှားကောင်းမှားနိုင်တာပဲနော်။

၄။ ပါးစပ်နဲ့ မပြောပါနဲ့။ လက်တွေ့ပြပါ။

“နောက်ဆို သမီးမလုပ်တော့ပါဘူးနော်။ ယုံပါ။” လို့ ထပ်ခါထပ်ခါ ကတိတွေပေးနေမယ့်အစား သင့်ရဲ့မိဘတွေမကြိုက်တာကို သင်လည်းမှားမှန်းသိရင် မလုပ်ပဲပြုပြင်နေပြလိုက်ပါ။ မိဘတွေကို လိမ်ညာပြီးတော့ ယုံကြည်မှုကိုယူဖို့လည်း မကြံစည်ပါနဲ့။ ကိုယ်မှန်တယ်ထင်ရင် ခရီးဆုံးထိသွားဖို့ သတ္တိရှိရမှာဖြစ်သလို ကိုယ်မှားသွားပြီဆိုရင်လည်း ရောက်ရာနေရာရပ်ပြီး ပြန်လည်ပြင်ဆင်ဖို့ ရဲရင့်ရမှာပါ။ တစ်ချို့ကိစ္စတွေမှာ စကားလုံးတွေက မလိုအပ်ပါဘူး။ အမူအယာတွေကသာ အရေးကြီးပါတယ်။

၅။ သူတို့ကိုအရမ်းချစ်ကြောင်းသိပါစေ

သင်အမှားလုပ်တာ ဒါမှမဟုတ် ယုံကြည်မှုကင်းမဲ့အောင် လိမ်ညာမိတာဟာ သူတို့ကို ကလန်ကဆန်လုပ်ချင်လို့ မဟုတ်ကြောင်း၊ သူတို့ကို အရမ်းချစ်ကြောင်း သူတို့သိပါစေ။ မိဘတွေနဲ့ သင်နဲ့ကြားက ဆက်ဆံရေးကို ဘယ်လောက်တန်ဖိုးထားကြောင်း သူတို့ကို အသိပေးပါ။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။