မိန်းကလေးဖြစ်ဖြစ်၊ ယောကျာ်းလေးဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြင်ထွင်အလုပ်မလုပ်နိုင်သူတွေအတွက် အိမ်တွင်းကနေပဲ လုပ်နိုင်တဲ့အလုပ် (၇)မျိုးကိုဖော်ပြပေးလိုက်ပါတယ်။ အိမ်ရှင်မတွေအတွက်လဲ အိုးမကွာအိမ်မကွာပိုက်ဆံရနိုင်စေမယ့် နည်းလမ်းကောင်းတွေဖြစ်မှာပါ။

(၁) ကြော်ငြာလုပ်ငန်း

သင်ဟာ ကွန်ပျူတာနဲ့ အင်တာနက်ကို ကျွမ်းကျင်စွာ အသုံးပြုတတ်တယ်ဆိုရင်တော့ ဒီလုပ်ငန်းဟာ သင့်အတွက် မခက်ခဲပါဘူး။ သင့်ရဲ့လူမှုကွန်ယက်စာမျက်နှာ ဒါမှမဟုတ် ဘလော့မှာ သင့်စိတ်ကြိုက် ကြော်ငြာလုပ်ငန်းကို လုပ်ကိုင်နိုင်မှာပါ။ သင်ဟာ အလှအပကို စိတ်ဝင်စားတဲ့သူဆိုရင်လည်း အခုခေတ်စားနေတဲ့ Beauty Blogger အဖြစ်ရပ်တည်လို့ရပါတယ်။ သင်ကျွမ်းကျင်တဲ့အပိုင်းက ဆက်စပ်ပစ္စည်းတွေကို သင်ကိုယ်တိုင်သုံးကြည့်ပြီး တစ်ခြားသူတွေကိုလည်း လိုက်ပါသုံးစွဲအောင်တိုက်တွန်းရမှာဖြစ်ပါတယ်။ အစပိုင်းမှာတော့ အကျိုးအမြတ်အများကြီးရရှိမှာ မဟုတ်ပေမယ့် အချိန်တစ်ခုအကြာမှာတော့ သင့်ရဲ့ မှန်ကန်တဲ့ Review တွေ လူသိများလာတာနဲ့အမျှ သင်ကိုယ်တိုင်ဝယ်ယူရောင်းချတာပဲဖြစ်ဖြစ်၊ သင်နဲ့ဆက်စပ်ကုမ္ပဏီကြီးတွေဆီက အခကြေးငွေရယူရာကနေပဲ ဖြစ်ဖြစ် အိမ်ထဲကပဲနေပြီး အိမ်ပြင်မထွက်ရပဲ အားတဲ့အချိန်တွေမှာ ကြော်ငြာလုပ်ငန်းကို လုပ်ကိုင်ရင်း အပိုဝင်ငွေရရှိနိုင်ပါပြီ။ ဒီနေရာမှာတော့ သင့်ဘက်က တိကျမှန်ကန်တဲ့ Review တွေကို ရိုးသားစွာ ရေးသားကြော်ငြာနိုင်ဖို့တော့ လိုပါလိမ့်မယ်နော်။

(၂) လက်မှုအနုပညာလုပ်ငန်း

သင်ဟာ အနုပညာလုပ်ရတာ ဝါသနာပါတဲ့သူလား။ အဲဒါဆိုရင်တော့ အကြံတစ်ခုပေးချင်ပါတယ်။ အိမ်မှာနေရင်း အားတဲ့အချိန်မှာ လက်ဆောင်ပစ္စည်းထည့်တဲ့ဗူးလေးတွေလုပ်ရောင်းမလား။ အမှတ် တရကဒ်လေးတွေပဲလုပ်ရောင်းမလား။ လူငယ်ကြားမှာ ရေပန်းစားအသုံးများတဲ့ လက်မှုပစ္စည်းလေးတွေလုပ်ရောင်းလို့ ရပါတယ်။ ဥပမာ - Dream Catcher လုပ်တာပဲဖြစ်ဖြစ်၊ လက်ဝတ်လက်စားတွေလုပ်တာပဲဖြစ်ဖြစ်၊ ကြယ်ဗူးလေးတွေလုပ်တာပဲဖြစ်ဖြစ် သင် ကြိုက်နှစ်သက်ရာ လူငယ်ကြိုက်လက်မှုပစ္စည်းအများကြီးရှိပါတယ်။ သင်ဟာ အိမ်ထောင်မကျခင်က ပန်းချီဆွဲတဲ့သူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် အခုလည်း ဘာဖြစ်လဲ။ အိမ်မှာနေရင်း ပန်းချီနဲ့ ကာတွန်းတွေ ဆွဲလို့ရပါတယ်။ ဒီလုပ်ငန်းကတော့ သင် စိတ်ကူးဉာဏ်ချဲ့ထွင်ရင် ချဲ့ထွင်သလောက် ဝင်ငွေရမယ့်လုပ်ငန်းပါပဲ။

(၃) စာပေရေးသားခြင်းလုပ်ငန်း

ငယ်ငယ်က စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေးလား။ စာတွေ၊ ကဗျာတွေရေးရတာ ဝါသနာပါတယ်ဆိုလည်း သင့်အတွက် အိမ်တွင်းလုပ်ငန်းတစ်ခုက ရှိနှင့်ပြီးသားပါ။ ဒါကတော့ လက်ရှိနာမည်ကြီးတဲ့ Website တွေ၊ Blog တွေနဲ့ Page တွေမှာ သုတရသစာပေတွေရေးပို့လို့ရပါတယ်။ စာမူလက်ခံတဲ့ အွန်လိုင်းစာမျက်နှာတွေအပြင် ပြင်ပပုံနှိပ်စာပေတိုက်တွေလည်း အများကြီးရှိနေပါသေးတယ်။ အားတဲ့အချိန်မှာ သင်အားသန်ရာ သုတစာပေပဲဖြစ်ဖြစ်၊ ရသစာပေပဲဖြစ်ဖြစ်ရေးသားထားပြီး စာမူပေးပို့လို့ရပါတယ်နော်။ အခုခေတ်က အရင်ကလို မဂ္ဂဇင်းတိုက်တွေ၊ စာပေတိုက်တွေသွားပို့စရာမလိုပဲ အီးမေးလ်ကနေတစ်ဆင့် ပေးပို့လို့ရနေပြီဖြစ်တဲ့အတွက်ကြောင့် သွားစရာလာစရာမလိုတော့တဲ့အတွက် ပိုပြီးတော့ကိုအဆင်ပြေပါတယ်။ ဒီလုပ်ငန်းကတော့ အရင်းအနှီးလည်း စိုက်စရာမလို အိမ်ကနေ တစ်ဖဝါးမှခွာစရာကိုမလိုပဲ အပိုဝင်ငွေရရှိမယ့် အလုပ်ပါနော်။

(၄) အစားအသောက်လုပ်ငန်း

ဒီအလုပ်ကို လုပ်နိုင်ဖို့အတွက် လိုအပ်ချက်နှစ်ခုပဲ ရှိပါတယ်။ အိမ်မှာ ရှယ်ချက်ရတာနဲ့ ရှယ်စားရတာကို ဝါသနာပါရင် အိုခေပါပြီ။ အစားအသောက်ဆိုတာ လူတိုင်းနဲ့ တည့်တဲ့အရာပါနော်။ အိမ်မှာ ပါစတာချက်ပြီးပဲရောင်းမလား။ ကိုရီးယားထမင်းလိပ် လိပ်ပြီးတော့ရောင်းမလား။ ဒါမှမဟုတ် ကြာကြာထားခံတဲ့ မြန်မာအစားအစာဖြစ်တဲ့ ငပိကြော်တို့ ငါးခြောက်ကြော်တို့ပဲ ကြော်ရောင်းမလား။ အခုခေတ်က လူတိုင်း အိမ်ပြင်ပလုပ်ငန်းခွင်မှာ ကျင်လည်နေရတဲ့အတွက်ကြောင့် အိမ်ထမင်းအိမ်ဟင်းမချက်နိုင်ကြတဲ့အခါ သင်လုပ်ရောင်းမယ့် မုန့်တွေ၊ ဟင်းတွေကတော့ သူတို့အတွက် တစ်ခုတည်း သော ထွက်ပေါက်ဖြစ်မှာပါ။ နောက်ပြီး အခုနောက်ပိုင်းမှာ ပါတီပွဲတွေ၊ စုဝေးပွဲတွေမှာ Lunch Box တွေမှာစားကြတာ ခေတ်စားလာတဲ့အတွက်ကြောင့်မို့လို အစားအသောက်လုပ်ငန်းကတော့ အိမ်မှာနေရင်း ကလေးထိန်းရင်း ဝင်ငွေကောင်းတဲ့ လုပ်ငန်းတစ်ခုပါပဲ။ ဒါကြောင့်မို့လို့ စေတနာပါပါ အရသာရှိရှိလုပ်ပေးနေသရွေ့တော့ သင့်ဆီမှာ အော်ဒါတွေစုပုံနေမှာပါပဲ။

(၅)ဒီဇိုင်းလုပ်ငန်း

အရင်က ဒီဇိုင်နာလုပ်ခဲ့ပြီး အခုအိမ်ထောင်ကျလို့ အလုပ်ထွက်လိုက်တာလား။ အလုပ်ထွက်လိုက်တိုင်း ဒီအလုပ်ကို နားလိုက်ရမယ်လို့ မဆိုလိုပါဘူး။ အိမ်မှာ ကွန်ပျူတာတစ်လုံးရှိရုံနဲ့ အလုပ် ဆက်လုပ်လို့ရပါတယ်နော်။ သင်က ကွန်ပျူတာဒီဇိုင်းသမားပဲဖြစ်ဖြစ်၊ လက်မှုပစ္စည်းဒီဇိုင်းသမားပဲဖြစ်ဖြစ်၊ အိမ်တွင်းအလှဆင်ဒီဇိုင်းသမားပဲဖြစ်ဖြစ် အိမ်မှာ သင်တတ်မြောက်ထားတဲ့ အတတ်ပညာ ကို အလွတ်တန်းဆက်လုပ်ပြီး သက်ဆိုင်ရာကုမ္ပဏီတွေကို ပို့ပေးရင် အိမ်တွင်းလုပ်ငန်းထဲမှာ ဝင်ငွေကောင်းတဲ့လုပ်ငန်းတစ်ခုနဲ့ သင် ရပ်တည်နိုင်မှာပါ။ ဒါ့အပြင် သင်ဟာ ဖက်ရှင်ဒီဇ်ိုင်နာတစ်ယောက် ဆိုရင်တော့ သင့်ရဲ့ စိတ်ကူးထဲက အဝတ်အစားပုံသဏ္ဍန်တွေကို ချုပ်လုပ်ရောင်းချနိုင်မယ်ဆိုရင် သာမာန်အိမ်တွင်းလုပ်ငန်းတင်မဟုတ်ပဲ နာမည်ကျော်ကြားတဲ့ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နိုင်မှာပါ။

(၆) အွန်လိုင်းရှော့ပင်းလုပ်ငန်း

ဒီလုပ်ငန်းကတော့ ထွေထွေထူးထူး ပြောပြစရာမလိုဘူးထင်ပါတယ်။ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားလုပ်ငန်းဖြစ်ပါလိမ့်မယ်။ ပြီးတော့ ဒီအလုပ်က အိမ်ထဲမှာပဲနေရတဲ့သူတွေတင်မကပဲ ကျောင်းသူတွေကစပြီး လူတိုင်းလုပ်ကြတာ တွေ့လာရပါတယ်။ သင်ရောင်းချချင်တဲ့ ကုန်ပစ္စည်းကို အပြင်မှာ ဆိုင်ဖွင့်စရာမလိုဘူး၊ ဝန်ထမ်းခန့်စရာမလိုပဲ သင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာက ကြော် ငြာရောင်းချပေးရုံနဲ့ ဆိုင်ခန်းခ၊ ဝန်ထမ်းခ သက်သာစွာ အမြတ်အစွန်းရနိုင်မှာပါ။ အခုနောက်ပိုင်းမှာတော့ သင့်ဘက်က ရောင်းချလိုတဲ့ ကုန်ပစ္စည်းကို တစ်ပါတည်း ငွေအရင်းအနှီးစိုက်ထုတ်ပြီး ဝယ်ထားစရာမလိုအပ်ပဲ အရင် အော်ဒါတင်၊ မှာယူတဲ့သူရှိမှ တစ်ဖက်ကနေ ပစ္စည်းယူပေးလည်း အဆင်ပြေတာမို့လို့ အရင်းစိုက်ထားစရာမလိုပဲ အမြတ်အစွန်းရရှိမယ့်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

(၇) စာပေသင်ကြားခြင်းလုပ်ငန်း

အိမ်ထောင်မကျခင်က ကျောင်းသားကျောင်းသူတွေကို Study Guide လုပ်ဖူးလား။ ဒါမှမဟုတ် သင့်ကလေးက ကျောင်းတက်တဲ့အရွယ်ရောက်နေပြီလား။ ဒီနှစ်ချက်ထဲက တစ်ခုခုနဲ့ ကိုက်ညီ နေမယ်ဆိုရင်တော့ သင့်ကလေးအတွက်လည်း အဆင်ပြေအောင် သင့်အတွက်လည်း အိမ်တွင်းအပိုဝင်ငွေရအောင် အိမ်မှာ ကလေးတွေကို စာခေါ်သင်ပေးလို့ရပါတယ်။ စာသင်ပေးတဲ့အလုပ်က ကုသိုလ်လည်း ရတဲ့အပြင် ဝင်ငွေလည်းကောင်းတဲ့အလုပ်ပါ။ အရင်ကတည်းက စာသင်ပေးရတာ ဝါသနာပါရင်ပဲဖြစ်ဖြစ်၊ စာသင်နှစ်အတွေ့အကြုံရှိရင်ပဲဖြစ်ဖြစ် အခုစာပြန်သင်ဖို့ အကြံပေးပါရစေ။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။