စိုင်းစိုင်းခမ်းလှိုင်ကို တောင်ကြီးမြို့တွင် အဖ စိုင်းခမ်းလှိုင်၊ အမိ စဝ်ဝေဠုသိင်္ဂီ တို့မှ ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက်အနက် အကြီးဆုံးသား ဖြစ်ပြီး ညီမငယ် ၂ ယောက်နှင့် ညီတစ်ယောက်ရှိသည်။ သူ၏အဖိုးသည် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ဖြစ်သည်။ သူ၏ အမေသည် ၂၀၀၆-ခုနှစ်၌ ဩစတေးလျတွင် နေထိုင်သည်။ ညီမနှစ်ယောက်နှင့် ညီတစ်ယောက်ရှိသည်။

၁၉၈၄ - ၁၉၉၆ အထိ အ.ထ.က (၁) တောင်ကြီးမှာတက်ရောက်ခဲ့ပြီး ၁၉၉၆-ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ၁၉၉၇-ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဒဂုံတက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်)‎များတွင် ပညာဆည်းပူးခဲ့သည်။

သူ၏ အနုပညာခရီးလမ်းကို ၁၉၉၆-ခုနှစ်တွင် မော်ဒယ်ဘွိုင်း တစ်ယောက်အနေဖြင့် စတင်ဝင်ရောက်ခဲ့သည်။ စိုင်းစိုင်းသည် ဂျွန်လွင် မော်ဒယ်အေဂျင်စီတွင် မော်ဒယ်တစ်ယောက်အဖြစ် ပါဝင်လှုပ်ရှားရင်း သက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်၊ မတ်လတွင် သူ၏ ပထမဦးဆုံး တေးစီးရီး ချောကလက်ရောင် ရေခဲအိပ်မက် ထွက်ရှိခဲ့သည်။ ၅-လအကြာတွင် Hip-Hop အဖွဲ့သစ် ACID သည် ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် အောင်မြင် ခေတ်စားသွားသည်။ ACID ၏ သီချင်းခွေထဲတွင် စိုင်းစိုင်းက “ဘဝ ဘဝ” သီချင်း တွဲဖက်သီဆိုပါဝင်ခဲ့သဖြင့် Rap ဆိုသူတစ်ယောက်အဖြစ် အောင်မြင်မှုကို အစပျိုးနိုင်ခဲ့လေသည်။ ထို့နောက် ကောင်းမြတ်လေး (Lil' Kaung Myat) နှင့် တွေ့ဆုံမိသည်။ သူတို့ ပထမဦးဆုံး တွေ့ဆုံဆွေးနွေးကြပြီးနောက်မှာ စိုင်းစိုင်း၊ကောင်းမြတ်၊ ငယ်ငယ် သုံးယောက်တွဲပြီး သီချင်းတွေဆိုဖို့ ဆုံးဖြတ်ခဲ့ကြသည်။

၂၀၀၁ ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် ဘလေဇွန်ကုန်တိုက် (Blazon Shopping Centre) မှာ ပြုလုပ်တဲ့ သူ့ရဲ့ စီးရီးသစ် “သူငယ်ချင်းများစွာ” စတင်ရောင်းချခြင်းနှင့် ဖျော်ဖြေပွဲသို့ ပရိသတ်(၃၅၀)ခန့် လာရောက်အားပေးခဲ့ကြသည်။ သူငယ်ချင်းများစွာ VCD ကို ၂၀၀၂ နိုဝင်ဘာလတွင် ထုတ်ဝေနိုင်ခဲ့သည်။ ထိုနှစ်အတွင်းမှာပင် တက္ကသိုလ်ရိပ်သာလမ်းသစ် နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သူ၏ နာမည်အကျော်ဆုံး သီချင်းဖြစ်လာမည့် “ဝမ်းနည်းမှတ်တမ်း” ကိုလည်း ထိုနှစ်တွင်ပင်ရေးသည်။ ရန်ကုန်မှာ ဘောလုံးကန်ဖို့ ရောက်လာသည့် တောင်ကြီးမြို့မှ သူငယ်ချင်း နန္ဒစိုင်းနှင့် ချိတ်ဆက်မိသည်။ နန္ဒစိုင်းကို တောင်ကြီးမပြန်စေတော့ဘဲ ရန်ကုန်တွင် အနုပညာလုပ်ငန်းများ အတူလုပ်ရန် ဆွဲဆောင်နိုင်ခဲ့သည်။ 

လူပျို ဖြစ်သည်။ ရန်ကုန်မြို့ တွင်နေထိုင်သည်။ ၂၀၀၉ ခုနှစ် မေလတွင် People Magazine နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သူသည် ပြိုကွဲနေသာ မိသားစုမှ လာသည်ဖြစ်၍ မင်္ဂလာဆောင်နှင့် ပတ်သက်၍ မသေချာသေးကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။

စိုင်းစိုင်းခမ်းလှိုင်သည် စာလည်းရေးသည်။ ပထမဆုံးစာအုပ်မှာ စက္ကူငှက် ဖြစ်ပြီး ကြောင်နှစ်ကောင်စာပေမှ ထုတ်ဝေသည်။ ဒုတိယစာအုပ်မှာ ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ ဖြစ်သည်။ စက္ကူငှက် ဝတ္ထုကို ဒါရိုက်တာ မီးပွားမှ ဗီဒီယိုရိုက်ကူးခဲ့သည်။

Source: စိုင်းစိုင်းခမ်းလှိုင်အကြောင်းစွယ်စုံကျမ်း

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။