Kpop Idol တွေရဲ့ ဘဝက အားကျဖို့ကောင်းပေမယ့် အောင်မြင်မှုရဲ့နောက်ကွယ်မှာ အစားလျော့ ၊ လေ့ကျင့်ခန်းတွေလုပ် ၊ Training တွေ အပြည့်ဆင်း ကြိုးစားရလို့ ပင်ပန်းတာကို လူတိုင်းသိပါတယ်။ ဒါပေမယ့် အဲဒီပင်ပန်းတာတွေထက်ကို သာမန်ဘဝမှာ ပိုပင်ပန်းခဲ့တဲ့ Idol တွေရှိပါတယ်။ သူတို့အကြောင်းပြောပြမယ်နော်။

1. IU

IU ကလေးဘဝမှာ IU ရဲ့ မိဘတွေဟာ အကြွေးတွေနဲ့ အခက်အခဲတွေ့နေတာမို့ IU နဲ့ သူမောင်လေးကို ဂရုမစိုက်နိုင်ခဲ့ပါဘူး။ သူတို့နှစ်ယောက်ဟာ အဘွားရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ သူမ အနုပညာလုပ်ဖို့ ကြိုးစားခဲ့ရာမှာလဲ ကုမ္ပဏီအတုတွေက Trainee အဖြစ်ရွေးချယ်ခံရလို့ လိမ်ညာရိုက်စားလုပ်မှုတွေလဲ ကြုံတွေ့ခဲ့ရပါသေးတယ်။

2. V (BTS)

V ဟာ လယ်သမားမိသားစုကမွေးဖွားလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူအဖို့ မိသားစုရဲ့ တောင်သူလယ်လုပ် နေထိုင်မှုပုံစံထဲက ရုန်းထွက်ပြီး အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ ငွေမရှိဘဲ အင်တာဗျူးပေါင်းများစွာကို ကြိုးစားကျော်ဖြတ် လာခဲ့ရသူပါ။

3. Leeteuk (Super Junior)

Leeteuk ကိုကြည့်ရတာ အမြဲပျော်ရွှင်ပြီး ဉာဏ်ကောင်းတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူရဲ့ အရင် အခြေအနေကိုမှန်းဆကြည့်ဖို့တော့ခက်ခဲပါလိမ့်မယ်။ သို့ပေမယ့် သူဟာဆင်းရဲသားမိသားစုက ဆင်းသက်လာရုံတင်မက သူ့မိဘနှစ်ပါးရဲ့ ရန်ပွဲတွေကြားမှာ ကြီးပြင်းလာခဲ့ရတယ်ဆိုတာကို သူကိုယ်တိုင်ထုတ်ဖော်ပြောကြားဖူးပါတယ်။ သူအဖေက သူ့ကို အမြဲရိုက်လေ့ရှိတယ်ဆိုတာကိုတောင် ဝန်ခံခဲ့ပါတယ်။

4. Sandara Park (2NE1)

Dara ရဲ့ ဘဝမှာ ဖခင်က ကိုရီးယားမှာ ဒုတိယအိမ်ထောင်သစ် ထူထောင်ခဲ့တာကစပြီး တစ်ဆစ်ချိုးပြောင်းလဲခဲ့တာပါ။ ဖခင်က သူမတို့ မိသားစုကိုထားခဲ့ပြီး ရှိသမျှပိုက်ဆံအားလုံး ယူဆောင်သွားခဲ့ပါတယ်။ Dara ကသူ့မိသားစုဝန်ကိုထမ်း ရှာကျွေးခဲ့ရတာပါ ။

5. Yunho (TVXQ)

ဒီလိုလူကို လမ်းဘေးမှာအိပ်နေတာမြင်ရဖို့ဆိုတာ တော်တော်မဖြစ်နိုင်ဘူးလို့တွေးရမှာပါ။ ဒါပေမယ့် Yunho ဟာ သူ့ရဲ့ ငယ်ဘဝကိုအဲဒီလို ဖြတ်သန်းခဲ့ရတာပါ။ သူ ဆယ်ကျော်သက်အရွယ်မှာ သူ့ဖခင်က ဒေဝါလီခံရပြီး မိသားစုအကုန် အိမ်ပေါ်က ဆင်းပေးခဲ့ရပါတယ်။ သူတို့မိသားစုဟာ မီးရထားဘူတာရုံတွေမှာ အိမ်ခြေရာမဲ့တွေအဖြစ် နေစားခဲ့ရပါတယ်တဲ့။

6. Jaejoong (JYJ)

Jaejoong ကိုကြည့်ရတာ တော်ဝင်မင်းသားလေးတစ်ပါးလို ခမ်းနားလွန်းပါတယ်။ သူလဲ ပြင်းထန်တဲ့ပင်ပန်းဆင်းရဲမှုတွေကို ခံစားခဲ့ရသူပါ။ အိမ်ကထွက်ပြေးပြီးနောက် စားပွဲထိုးအလုပ်အပါအဝင် ရရာအလုပ်တွေကိုလုပ်ခဲ့ရပါတယ်။ အဲဒီအချိန်တွေက စားဖို့တောင်မလောက်ငလို့ ရှိတဲ့သွေးကိုဖောက်ရောင်းပြီး ထမင်းစားခဲ့ရတဲ့ ရက်တွေတောင်ရှိခဲ့ပါတယ်တဲ့။ ( မတွေးတောင်မတွေးရဲဘူး ... ဘယ်လောက်ခက်ခဲလိုက်မလဲဆိုတာ )

7. Suga (BTS)

အင်တာဗျူးတစ်ခုမှာ Suga က သူ့မိသားစုရဲ့ဆင်းရဲတဲ့ အခြေအနေကို ဒီလို ထုတ်ဖော်ပြောခဲ့ပါတယ်။ " ကျွန်တော်တို့ Debuted လုပ်ပြီးနောက် ကျွန်တော်တို့ ဧည့်ခန်းထဲပြန်ရောက်တဲ့ အခါ ထိုင်ငေးပြီးတွေးမိတယ်။ ကိုယ့်ကိုယ်ကိုတောင်မယုံနိုင်ဘူး။ ဆင်းရဲသားမိသားစုကကလေးတစ်ယောက်ဟာ နောက်ဆုံး ဒါတွေကိုလုပ်နိုင်ခဲ့တယ်ဆိုပြီး "။

8. Goo Hara (KARA)

Hara မိဘတွေဟာ သူမ 7 နှစ်အရွယ်မှာ ကွာရှင်းခဲ့ကြတာပါ။ သူမတော့ အဘိုးအဘွားတွေလက်ထဲကြီးပြင်းခဲ့ရပါတယ်။ မူကြိုမှာထဲက အနိုင်ကျင့်ခံရတဲ့ဘဝနဲ့ ကြီးပြင်းလာတဲ့ သူမဟာ အဆိုတော်တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ စိတ်ခွန်အားကိုခါးသီးတဲ့ အတိတ်တွေကနေရခဲ့တာပါတဲ့။

9. Seo In Guk

Seo In Guk ကတော့ သူ့ဘဝကိုသေချာပေါက်ပိုကောင်းအောင်ပြောင်းလဲခဲ့တာပါ။ အဲဒီပြောင်းလဲဖို့လဲ သူတော်တော်ခက်ခက်ခဲခဲကြိုးစားခဲ့ရပါတယ်။ ဥပမာအနေနဲ့ သူအဆိုတော်ဖြစ်မလာခင်က သူ့မိသားစုမှာ ကြက်သားစားရတဲ့အခါတောင်တော်တော်ရှားပါးပါတယ်တဲ့။ စားခဲ့ရတယ်ဆိုရင်တောင် အရိုးတွေကိုသိမ်းပြီး ဟင်းချိုပြန်ချက်ရပါတယ်တဲ့။ အခြားဟင်းမယ်ဝယ်ဖို့တောင်ငွေမရှိလို့ပါတဲ့ ။

သူတို့ရဲ့ ဘဝအကြောင်းကြားရတာ အံသြစရာကောင်းပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကပြောပြတာကတော့ လူတိုင်းဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တစ်ကယ်ဖြစ်ချင်စိတ်ရှိရင် အားလုံးကိုကျော်လွှားနိုင်တဲ့ စွမ်းရည် ရှိကြပါတယ်တဲ့။ အဲဒါမို့ အခက်အခဲတွေကြုံရင် စိတ်မပျက်ပါနဲ့ မင်းတကယ်ကိုလုပ်နိုင်ပါတယ် ။ Fighting နော် !

Source : koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။