သက်မွန်မြင့် ပါဝင်ကူညီသည့် ဘဝအစရက်တစ်ထောင်လှုပ်ရှားမှု အကောင်းဆုံးကမ်ပိန်းအဖြစ် ရွေးချယ်ခံရ

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းသမီး သက်မွန်မြင့်ပါဝင်ကူညီခဲ့တဲ့ ဘဝအစ ရက်တစ်ထောင် လှုပ်ရှားမှုဟာ Asia-Pacific Excellence Awards for Communications ရဲဲ့ အကောင်းဆုံး လူထုလှုပ်ရှားမှု ကမ်ပိန်းတွေထဲမှာ အရွေးချယ်ခံခဲ့ရပါတယ်။

Save the Children အဖွဲ့ရဲ့ လှုပ်ရှားမှုတခုဖြစ်တဲ့ ကလေးငယ်တစ်ယောက်ရဲ့ ဘဝအစ ရက်တစ်ထောင်မှာ အာဟာရပြည့်ဝဖို့ အရေးကြီးကြောင်း အကြံပေးတာတွေကို ၂၀၁၆ ခုနှစ်က စတင်ဖြန့်ဝေခဲ့တာပါ။

သက်မွန်မြင့်ရဲ့ ဒုတိယရင်သွေး ကိုယ်ဝန်ဆောင်ချိန်ကစပြီး Facebook ပေါ်မှာ ဖြန့်ဝေခဲ့ပြီး လူပေါင်း ၅ သန်းအထိ ပျံ့နှံ့ခဲ့ပါတယ်။

“ဒီလူပေါင်း ငါးသန်းထဲမှာ မိခင်တွေပါဝင်ပြီး သူတို့ ကလေးရဲ့ အနာဂတ်ကျန်းမာရေးအတွက် ဒီသတင်းအချက်အလက်တွေကို ပထမဆုံးအနေနဲ့ လေ့လာနေတဲ့သူတွေတောင် ဖြစ်နေနိုင်ပါတယ်” လို့ သက်မွန်မြင့်က ပြောပါတယ်။

သူက ဆက်ပီးတော့ “ အထူးသဖြင့် မိခင်တွေဟာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဆရာဝန်နဲ့ ပြသ ဆွေးနွေးတာ၊ အာဟာရပြည့်ဝတဲ့ အစားအစာအမျိုးမျိုးကို စားသုံးတာ စသည်ဖြင့် အာဟာရပြည့်ဝပြီး ကျန်းမာဖို့ မိမိကိုယ်ကို စောင့်ရှောက်ဖို့လိုအပ်ပါတယ်။ မွေးဖွားတဲ့အခါမှာလည်း ကလေးကို မွေးမွေးပြီးချင်း တစ်နာရီ အတွင်း မိခင်နို့တိုက်ကျွေးရမှာဖြစ်ပြီး ကလေးအသက် ၆ လအတွင်း မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေး သင့်ပါတယ်။

ကလေးအသက် ၆ လ ကျော်ချိန်မှာတော့ အာဟာရပြည့်ဝတဲ့ဖြည့်စွက်အစာတွေကို ကျွေးမွေး သင့်ပြီး ဖြည့်စွက်အစာနဲ့အတူ ကလေးအသက် ၂ နှစ်အထိ မိခင်နို့တိုက်ကျွေးသင့်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ကလေးငယ် ၂၉ ရာခိုင်နှုန်းဟာ ရုပ်ပိုင်းရော၊ ဉာဏ်ရည်ဖွ့ံဖြိုးတိုးတက်မှုမှာပါ သိသာထင်ရှားတဲ့ ဆိုးကျိုးဖြစ်တဲ့ အာဟာရချို့တဲ့ပုညှက်မှု ဝေဒနာကို ခံစားနေရပြီး ဒါကို ကာကွယ်ဖို့ အစပိုင်း ရက် တစ်ထောင်အတွင်းမှာ ဆောင်ရွက်နိုင်တယ်လို့ Save the Children ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်းအရင်းမြစ် DVB and Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။