လုလုအောင်ဟာဆိုရင် သူမရဲ့ အချိုးကျလှပတဲ့ ကိုယ်ဟန်အနေအထား ၊ ဆွဲဆောင်မှုရှိတဲ့ဟန်ပန်တွေနဲ့အတူ ပုရိသတွေပါးစပ်ဖျားရေပန်းစားလှသူပါ ။ သူဝါသနာပါရာ မော်ဒယ်အလုပ်မှာအောင်မြင်ဖို့ Single Mom ဘဝကနေ ကြိုးစားလျှောက်လှမ်းခဲ့ပါတယ် ။ သူမဖြတ်သန်းခဲ့ရာဘဝအကြောင်းတွေကတော့ ...

လုလုအောင်ကို မိဘများဖြစ်ကြတဲ့ ဦးနော်ရှိုင်းနှင့် ဒေါ်ဆိုင်းတောင်တို့က မေ ၂၄ ရက်မှာ မွေးဖွားခဲ့ကြပါတယ်။ အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက်နဲ့ ညီမတစ်ယောက်တို့ကြားထဲက သမီးလတ်လည်း ဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ အဘွားဖြစ်သူနဲ့အတူ နေထိုင်ကြီးပြင်းခဲ့ပါတယ်။

“ငယ်ငယ်ကအေးတယ်။ သိပ်လည်းမကစားဘူး။ အစားတော့မက်တယ်။ အမှတ်တရဆိုရင်တော့ ရှမ်းပြည်ကွတ်ခိုင်မှာက အရမ်းအေးတော့ အဘွားကမနက်ဆိုရင် ကော်ဖီတွေတစ်ခွက်ကြီး ဖျော်တိုက်တတ်တယ်။ ကော်ဖီဖျော်ဖို့အတွက်ထားတဲ့ နို့ဆီတွေ၊ နို့မှုန့်တွေကို ညီမကအမြဲတမ်းခိုးစားတာ။ တစ်ရက်တော့ တရုတ်ကလာတဲ့ ဆပ်ပြာမှုန့်ကို အဘွားကဝယ်ပြီး နို့မှုန့်ဘူးထဲ ထည့်ထားတာကိုမသိဘဲ နို့မှုန့်တွေထင်ပြီး တစ်ဇွန်းကြီးစားလိုက်မိတာကတော့ အမှတ်တရပဲ။ ပြောပြောပြီး ရယ်ကြတာပေါ့နော်။ နို့ဆီတွေ၊ နို့မှုန့်တွေအရမ်းကြိုက်လို့လည်း လူကောင်သေးသေးလေး ဖြစ်မနေတာလို့ ထင်ပါတယ်” လို့ အမှတ်တရကို ဆိုပါတယ်။

လုလုအောင်က ငယ်စဉ်ဘဝပညာရေး အနေနဲ့ သူငယ်တန်းကနေလေးတန်းအထိ ကိုကွတ်ခိုင်မြို့မှာ တက်ရောက်ခဲ့ပြီး ငါးတန်းကနေ ဆယ်တန်းအထိကတော့ မြစ်ကြီးနားမြို့မှာ ပြန်လည်ပြောင်းရွှေ့ တက်ရောက်တယ်လို့ ဆိုပါတယ်။

“ငယ်ငယ်တုန်းကတော့ ကျောင်းစာကို ပုံမှန်ပဲလုပ်တာ။ ဆယ်တန်းရောက်တော့လည်း အဲဒီလိုပုံမှန်လေးပဲကျက်တော့ တစ်နှစ်ကျသွားတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ မော်ဒယ်လ်ဖြစ်ချင်စိတ်က အရမ်းများနေပြီ။ မော်ဒယ်လ်လုပ်ဖို့ဆိုတာကလည်း အနည်းဆုံးတော့ ဆယ်တန်းတော့အောင်မှ ဖြစ်မယ်ဆိုတဲ့စိတ်ကလည်း ရှိနေတာကြောင့် သေချာကြိုးစားမယ်ဆိုပြီး စာကျက်မှအောင်ခဲ့ပါတယ်” လို့ လုလုအောင်က ဆိုပါတယ်။

ငယ်စဉ်ကလေးဘဝတည်းက အနုပညာ ၀ါသနာကြီးသူ လုလုအောင်က ငါးတန်းနှစ်မှာ ကျောင်းသားအားကစားပွဲတော်မှာ ပန်းဖွားအကနဲ့ ပါဝင်ဖူးသလို ခြောက်တန်းနှစ် အမျိုးသားအားကစားပွဲတော်မှာ တိုင်းရင်းသားအကနဲ့ ပါဝင်ခဲ့ဖူးပါတယ်။

လုလုအောင်က တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာ ရန်ကုန်ကိုရောက်ရှိလာပြီး မော်ဒယ်လ်တစ်ယောက်အဖြစ် စတင်လှုပ်ရှားခဲ့ပါတယ်။ ဗွီစီဒီတွေမှာ သရုပ်ဆောင်ခွင့်ရခဲ့သလို Billboard နဲ့ကြော်ငြာတွေလည်း သရုပ်ဆောင်ခွင့်ရခဲ့ပေမယ့် မြစ်ကြီးနားမှာ အဝေးသင်စာမေးပွဲ ပြန်ဖြေရတာကြောင့် အလုပ်တွေအဆက် ပြတ်သွားခဲ့ရာက အိမ်ထောင်ကျသွားခဲ့ပါတယ်။

လုလုအောင်က အိမ်ထောင်ရေးမှာတော့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲထားပြီး Single Mom တစ်ဦးအနေနဲ့ သမီးလေးကို အကောင်းဆုံး ပြုစုစောင့်ရှောက်နေသူပါ။ ဖခင်ဖြစ်သူကိုလည်း သမီးဖြစ်သူနဲ့ ပတ်သက်လို့ တိုင်ပင်ဆွေးနွေးမှုရှိတဲ့အတွက် သမီးဖြစ်သူအတွက်တော့ လုံခြုံတဲ့စိတ်ခံစားမှုကို ပေးစွမ်းနိုင်သူတစ်ယောက်လို့ ဆိုရပါမယ်။ သမီးဖြစ်သူကို ပြုစုစောင့်ရှောက်ရင်း မော်ဒယ်လ်အလုပ်ကို မစွန့်လွှတ်ချင်တာကြောင့် မိတ်ဆွေများရဲ့ အကူအညီနဲ့ အလှဓာတ်ပုံတွေရိုက်ကူးရင်း လူမှုကွန်ရက်စာ မျက်နှာတွေထက်မှာ တင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကတစ်ဆင့်ကြော်ငြာတွေ၊ အလှဓာတ်ပုံတွေ ရိုက်ကူးခွင့်ရတဲ့ မော်ဒယ်လ်တစ်ယောက် ဖြစ်လာတယ်လို့ဆိုပါတယ်။

သမီးတစ်ယောက် မိခင်ဖြစ်လာပေမယ့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်အဝရှိစေဖို့ Gym အမြဲဆော့သလို မိန်းကလေးတိုင်းက ကိုယ့်ကိုယ်ကိုယ်လှပနေအောင် အမြဲကြိုးစားသင့်တယ်။ ဒါမှလည်း မိမိဘဝနေထိုင်မှုနဲ့ လုပ်ငန်းခွင်တွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနိုင်ပါတယ်လို့ အကြံပေးစကား ပြောကြားခဲ့ပါတယ်။

Single Mom တစ်ယောက်အနေနဲ့ သမီးဖြစ်သူကို ပြုပြင်ထိန်းကျောင်းရာမှာတော့ ရင်းနှီးပွင့်လင်းစွာ ဆက်ဆံရင်း သမီးဖြစ်သူရဲ့ရင်ထဲက ဆန္ဒအမှန်ကိုအမြဲသိနိုင်အောင် ကြိုးစားပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မိခင်တစ်ယောက်ရဲ့ အာဏာကိုသုံးပြီး တစ်ဖက်သတ်အမိန့်ပေးတာမျိုးလည်း ရှောင်ကြဉ်တာကြောင့် သမီးဖြစ်သူရဲ့ နားလည်နာခံမှုကို ပြန်လည်ရရှိပါတယ်လို့ ဆိုခဲ့ပါသေးတယ်။

လုလုအောင်က ပရိသတ်အားပေးမှု ရရှိလာပြီးနောက်ပိုင်းမှာတော့ ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်လာတာကိုလည်း တွေ့မြင်ရပါတယ်။ လုလုအောင်က “ပရဟိတအလုပ်ဆိုတာက ညီမအကြိုက်ဆုံးအလုပ်ပါ။ ကိုယ်လုပ်ပေးတဲ့ အလုပ်တစ်ခုအတွက် အခြားအခက်အခဲတွေ့နေတဲ့ သူတွေတစ်ခုခုပြေလည်သွားရင် ကျေနပ်ရပါတယ်။ ဒါကြောင့်လည်း ပရဟိတလုပ်ငန်းတိုင်းမှာ ကူညီဖြစ်တာပါ” လို့ဆိုခဲ့ပါတယ်။

ငယ်စဉ်ကလေးဘဝတည်း ကဝါသနာပါခဲ့တဲ့ အနုပညာအလုပ်တွေကို အချိန်တိုနဲ့စွန့်လွှတ်ခဲ့ရပြီး ဘဝအလှည့်အပြောင်းတွေကို ရင်ဆိုင်ခဲ့ရတဲ့ ၊ လျှောက်လှမ်းလိုတဲ့လမ်းကြောင်းဆီ ရောက်အောင် အားထုတ်ကြိုးပမ်းခဲ့တဲ့ အနုပညာ ခရီးလမ်းနဲ့ ပတ်သက်လို့ “အခက်အခဲဆိုတာကတော့ နေရာတိုင်းမှာ ရှိမှာပါပဲ။ ညီမမော်ဒယ်လ်လုပ်မှ ကြုံရတာမဟုတ်ပါဘူး။ ညီမသာ တကယ်လို့ ကျောင်းဆရာမ လုပ်ခဲ့မယ်ဆိုရင်လည်း တခြား အခက်အခဲတွေ ရှိနေဦးမှာပါပဲ။ အဓိကတော့ အခက်အခဲကြုံရင် စိတ်ထဲမှာမထားဘဲ ဒီနေ့တော့ ဒီလောက်ပဲလုပ်နိုင်ခဲ့တယ်။ မနက်ဖြန် ဒီထက်ပိုကောင်းအောင် လုပ်မယ်။ ကိုယ့်ဘာသာပဲပြိုင်ရမယ်ဆိုတဲ့ စိတ်မျိုးပဲထားတယ်” လို့ လုလုအောင်က ဆိုပါတယ်။

Source : Eleven Media 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။