မလေးရှား လေကြောင်းလိုင်းသည် ယင်း၏ လေယာဉ်များအား ခရီးစဉ် ပျံသန်းနေစဉ်အတွင်း အခါမလပ် လေ့လာစောင့်ကြည့်နိုင်စေရေးအတွက် အာကာသအခြေပြု လေယာဉ်ပျံသန်းမှု လေ့လာစောင့်ကြည့် ရေးစနစ်အသုံးပြုနိုင်ရန် အမေရိကန်နှင့် ဆွစ်ဇာလန်အခြေစိုက် ကုမ္ပဏီများနှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း ဒေသ ဆိုင်ရာ သတင်းဌာနများက ဧပြီ ၂ဝ ရက်တွင် သတင်းထုတ်ပြန်သည်။

မလေးရှား လေကြောင်းလိုင်း ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် မက္ကလင်းမြို့အခြေစိုက် အဲရီယွန် ကုမ္ပဏီ၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ အခြေစိုက် စစ်တာယွန်အဲကုမ္ပဏီနှင့် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် ဖလိုက်အဝဲ ကုမ္ပဏီတို့နှင့်အတူ ဂြိုဟ်တုစနစ်အသုံးပြုရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ သဘောတူညီချက်အရ မလေးရှားလေကြောင်းမှ ခရီးသည်တင်လေယာဉ်များသည် ကမ္ဘာ့ဝင်ရိုး စွန်းဒေသများနှင့် ဝေးလံ သီခေါင်သော ပင်လယ်သမုဒ္ဒရာဒေသတို့ အပါအဝင် ကမ္ဘာ့မည်သည့်နေရာဒေသတွင် မဆို လေယာဉ်ရောက်ရှိနေသည့် နေရာ ကို လေ့လောစောင့်ကြည့်နိုင်မည်ဖြစ်သည်။

အဲရီယွန်ကုမ္ပဏီသည် ဗာဂျီးနီးယားပြည်နယ် မက္ကလင်းမြို့အခြေစိုက် အာရီဒီယမ်ဆက်သွယ်ရေး ကုမ္ပဏီနှင့်အတူ ဂြိုဟ်တုဆက်သွယ်ရေး ကွန်ရက်သစ်တစ်ခုကို တည်ဆောက်လျက်ရှိသည်။ ယင်းဂြိုဟ်တုကွန်ရက်ဖြင့် ကမ္ဘာတစ်လွှား လေကြောင်းသွား လာမှုအရပ်ရပ်ကို လေ့လာစောင့် ကြည့်နိုင်မည်ဖြစ်သည်။ ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက်သစ်ကို ၂ဝ၁၈ ခုနှစ် ထက်နောက်မကျဘဲ အပြီးတည်ဆောက်ရန် စီမံကိန်းရည်မှန်းချက် ချမှတ်ထားသည်။

နိုင်ငံတကာ ခရီးစဉ်များပျံသန်းသော လေယာဉ်များသည် ADS-B စနစ်ဟု သိရှိကြသည့် နည်းပညာဖြင့် မည်သည့်နေရာသို့ လေယာဉ်ရောက် ရှိနေသည်ကို အချက်ပြထုတ်လွှင့်နိုင် ပြီး အချက်ပြလှိုင်းများကို မြေပြင် သို့မဟုတ် အာကာသအတွင်းမှ ထောက်လှမ်းသိရှိနိုင်သည်။

မလေးရှား လေကြောင်းလိုင်းမှ ခရီးသည်တင်ဂျက်လေယာဉ်တစ်စင်းသည် ၂ဝ၁၄ ခုနှစ် မတ် ၈ ရက်က ကွာလာလမ်ပူမှ ပေကျင်းသို့ လူပေါင်း ၂၃၉ ဦးကို တင်ဆောင်လျက် ခရီးစဉ် ပျံသန်းလာစဉ် ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားခဲ့သည်။ အာကာသအခြေပြု ထောက်လှမ်းရေးစနစ်ကို အသုံးပြုခြင်းဖြင့် မလေးရှားလေ ကြောင်းလိုင်းအနေဖြင့် ယင်း၏ လေယာဉ်များ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို အခါမလပ် သိရှိနိုင်မည်ဖြစ်သည်။

ရိုက်တာ။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။