အလုပ်ခွင်ဝင်တော့မယ့်၊ ဝင်နေတဲ့လူတွေအတွက် သတိထားရမယ့်အရာတွေ..

သင်ကစတင်လေးစားမှုပြပါ

အလုပ်ထဲမှာ သင်နဲ့သက်တူရွယ်တူ အထက်လူကြီးပဲဖြစ်ဖြစ်၊ သက်တူရွယ်တူ လက်အောက်ငယ်သားပဲဖြစ်ဖြစ်တစ်ဦးဦး ရှိပါသလား။ သင်အခုလုပ်ရမယ့် အလုပ်ကတော့ သူတို့ကို လေးစားမှုပေးဖို့ပါပဲ။ အထက်အရာရှိက သင်နဲ့အသက်တူနေနေ၊ အသက်ငယ်နေနေ သင့်ထက်တော်လို့ ဒီနေရာသူအရင်ရောက်ကြောင်း လက်ခံပြီး လေးစားပါ။ တန်းတူရွယ်တူတွေကို လုပ်ဖော်ကိုင်ဖက်အဖြစ် လေးစားပြီး လက်အောက်ငယ်သားတွေကိုလည်း သနားချစ်ခင်စိတ်နဲ့ လေးစားပါ။ သူတို့အားလုံးကို သင်ကစတင် မလေးစားသရွေ့တော့ သင်လည်း သူတို့လေးစားတာခံယူရဖို့ လုံးဝမဖြစ်နိုင်ပါဘူး။

စည်းထားပါ

တစ်ချို့နေရာတွေမှာ သင်နဲ့ပတ်သက်တဲ့တစ်ချို့အရာတွေကို သိသင့်သိထိုက်တာအပြင် မသိရလေအောင် စည်းကမ်းထားပါ။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်က တစ်ချို့နေရာတွေမှာ ငယ်သူငယ်ချင်းဖြစ်မလာနိုင်ပါဘူး။ သင့်ရဲ့ အိမ်တွင်းရေးတွေ သူတို့သိဖို့မလိုအပ်ပါဘူး။ လူတိုင်းမှာ ဆိုးရွားတဲ့အမူအကျင့်တွေအသီးသီးရှိကြပါတယ်။ ဒါတွေကိုလည်း သူတို့သိစရာမလိုအပ်ပါဘူး။ တစ်ခါတစ်လေ မိသားစုတောင်မသိတဲ့ သင့်ရဲ့ လျို့ဝှက်ချက်တွေကို လုပ်ဖော်ကိုင်ဖက်တွေ သိဖို့မလိုအပ်ပါဘူး။

စမတ်ကျပါ

ခါးကိုမတ်မတ်ထိုင်ပါ။ အရပ်ပုရင် ဒေါက်ဖိနပ်စီးနိုင်ဖို့ ကြိုးစားပါ။ ဘယ်လောက်အလုပ်နောက်ကျနေပါစေ သပ်သပ်ရပ်ရပ်ဝတ်ပါ။ စမတ်ကျဖို့ဆိုတာ လက်တွေ့လူမှုလောကမှာ မလိုအပ်ဘူးထင်ကောင်းထင်ပါလိမ့်မယ်။ သင်ဘယ်လောက် ပညာတွေတတ်ပါစေ။ ဘယ်လောက်ငွေကြေးချမ်းသာမှုရှိနေပါစေ။ စမတ်မကျရင် အလကားပါပဲ။ အဲဒါကြောင့် လူလေးစားစေချင်ရင် ဘယ်တော့မှ ပစ်စလက်ခက်မနေပါနဲ့။

အကောင်းမြင်စိတ်ထားပါ

လူတော်တော်များများဟာ အဆိုးမြင်ဝါဒရှိကြပါတယ်။ ကိုယ်လုပ်တတ်သလားဆိုတော့လည်း မဟုတ်၊ တစ်ခြားသူလုပ်တာတွေကိုလည်း မုဒိတာမပွားနိုင်ဖြစ်တတ်ကြပါတယ်။ အဲဒီလိုစိတ်သဘောထားတွေ သင့်မှာရှိနေရင် လုံးဝဖယ်ရှားပစ်ဖို့ အရေးကြီးပါတယ်။ မှားမှားမှန်မှန် အပြစ်တင်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ဘယ်ဝန်ထမ်းမှ လေးစားမှာ မဟုတ်ပါဘူး။ တစ်ချို့အရာတွေအပေါ်မှာ ဥပေက္ခာပြုနိုင်ရမှာဖြစ်သလို တစ်ချို့အရာတွေကို အကောင်းမြင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင်ဟာ လူချစ်လူခင်ပေါများတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးအဖြစ် လူတိုင်းလေးစားကြမှာပါ။

အကောင်းဆုံးလုပ်ပါ

ဘယ်အလုပ်ကိုမဆို အကောင်းဆုံးလုပ်ဆောင်ပါ။ သင့်ရဲ့ အထက်လူကြီးကခိုင်းတဲ့အလုပ်ဟာ သင့်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေတာလား။ ဒါပေမယ့် အကောင်းဆုံးကြိုးစားလုပ်ဆောင်ပေးလိုက်ပါ။ “ကျွန်မအကောင်းဆုံးလုပ်ပေးမယ်” ဆိုတာက “ကျွန်မလုပ်ကြည့်လိုက်ပါ့မယ်” ဆိုတဲ့စကားထက် ဆွဲဆောင်မှုရှိသလို၊ “ကျွန်မတက်နိုင်သရွေ့အကောင်းဆုံး လုပ်ပေးခဲ့တယ်” ဆိုတဲ့စကားဟာ “ကျွန်မ ဒီလောက်ပဲတက်နိုင်တယ်” ဆိုတာထက် စိတ်ကျေနပ်မှုပေးပါတယ်။ သင်ဟာ အလုပ်ကို ကျရာတာဝန် အကောင်းဆုံးလုပ်ဆောင်ပေးတတ်တဲ့လူတစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်သူမှ သင့်ကို မလေးစားပဲမနေရဲပါဘူး။

အတင်းမပြောပါနဲ့

အထက်လူကြီးအကြောင်းလား။ လက်အောက်ငယ်သားအကြောင်းလား။ ဘယ်သူ့အကြောင်းမှ အတင်းမပြောပါနဲ့။ နေ့လည်ထမင်းစားချိန်ပဲဖြစ်ဖြစ်၊ လက်ဖက်ရည်သောက်ခဏနားချိန်ပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေစုမိလို့ စကားပြောဖြစ်ပြီဆိုရင် သင့်ရဲ့ပြောစကားတွေထဲမှာ သူများမကောင်းကြောင်းမပါပါစေနဲ့။ တခြားသူတွေပြောနေလည်း ဝင်မပြောပဲ နားထောင်သူတစ်ဦးအဖြစ်ပဲ နေပါ။ သင်က တစ်ယောက်ယောက်အတင်းကို ပြောမိလိုက်ပြီဆိုတာနဲ့ သင့်ရဲ့အတင်းကိုလည်း တစ်ယောက်ယောက် သင့်နောက်ကွယ်မှာ ပြောနေတော့မှာဆိုတာ မမေ့ပါနဲ့။

အပေါ်ကပြောပြထားတဲ့အတိုင်း လုပ်ငန်းခွင်မှာ တစ်နေ့တာကို စနစ်တကျ ဖြတ်သန်းမယ်ဆိုရင်တော့ သင်ဟာ လုပ်ဖော်ကိုင်ဖက်တိုင်းချစ်ခင်လေးစားတဲ့ ဝန်ထမ်းတစ်ဦးဖြစ်မှာ အသေအချာပါပဲနော်။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။