ပြည်သူတွေကိုအမြဲလိုလို အထိန့်တလန့်ဖြစ်စေတဲ့ ဘေးအန္တာရယ်တွေထဲမှာ မီးဘေးကတော့ မကြာခဏကြားနေရတာပြဲဖစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ထဲမှာ ဇူလိုင် ၁၅ရက်ညက လုံပုံးကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ မနေ့ည ၉ နာရီလောက်က ဆိုလာပြားနဲ့ အားသွင်းထားတဲ့ ဘက်ထရီအိုးပေါက်ကွဲရာက  နေ မီးစတင်လောင်ကျွမ်း ခဲ့တာလို့ တန့်ယန်းမြို့နယ် အရံမီးတပ်တပ်ဖွဲ့ တပ်ခွဲမှူး ဦးစိုးမိုးနိုင်က ပြောပြထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး “ဆိုလာနဲ့ အားသွင်းထားတဲ့ ဘက်ထရီအိုးပေါက်ကွဲတာကနေစပြီးလောင်တယ်လို့ သိရပါတယ်။ မီးစလောင်တာက ၉ နာရီ၊ ကျနော်တို့ဆီအကြောင်းကြားချက်ရတော့ ၉ နာရီ ၁၅ မိနစ်၊ ကြားကြားချင်း မြို့နယ်မီးသတ်က မီးသတ်ကား ၄ စီးနဲ့ သွားငြှိမ်းပါတယ်။ အဲဒီရွာက တန့်ယန်းနဲ့ ၄ မိုင်ကျော်ဝေးပြီး လမ်းခရီးက မြေသွားလမ်းဆိုတော့လေ။ မိုးရာသီလည်းဖြစ်တော့ သွားရခက်ပြီး အဲဒီနေရာကိုရောက်ဖို့ နည်းနည်းကြန့်ကြာတယ်ခင်ဗျ။ ဟိုရောက်တော့ ကျောင်းတိုက်က တော်တော်ကြီး လောင်နေပါပြီ။ ကျနော်တို့လည်း ဘေးနားက အဆောက်အဦတွေ မီးဆက် မကူးအောင် ထိန်းသိမ်းခဲ့ပါတယ်။ ည ၁၀ နာရီကျော်မှာ မီးအားလုံးငြိမ်းသွားပါတယ်” မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့ပါတယ်။

မီးလောင်သွားတဲ့ ဘုန်းကြီးကျောင်းမှာ သွပ်မိုးပျဉ်ကာ ခြေတံရှည်ကျောင်း တိုက်ဖြစ် ကြောင်း၊ အထဲမှာ ဘုရားဆင်းတုတော်နဲ့ ကျောင်းပရိဘောတွေ အကုန်ပါသွားပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၃၆ သိန်း ခန့်မှန်းတယ်လို့ သူကဆက်ပြောပါတယ်။ အဆိုပါ ကျောင်းတိုက်မှာ ရဟန်း ၁ ပါး၊ ကိုရင် ၉ ပါး သီတင်းသုံးနေပြီး မီးလောင်မှုနဲ့ ပတ်သက်ပြီး အမှုဖွင့်အရေးယူတာမရှိသေးပါဘူး ။

ဓာတ်ပုံ – တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ရင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။