အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၃၉ မျိုး ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း အာရှအိုလံပစ်ကောင်စီ (OCA) က ထုတ်ပြန်ကြေညာခဲ့သည်။ အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံသည် မူလက ပြိုင်ပွဲအမျိုးအစား ၄၂ မျိုး ထည့်သွင်းကျင်းပရန် စီစဉ်ခဲ့သော်လည်း အာရှအိုလံပစ်ကောင်စီက အားကစားနည်း ၃၉ မျိုးမှ ပြိုင်ပွဲ အမျိုးအစား ၄၂၆ မျိုး ထည့်သွင်း ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းအရေအတွက် တိုးမြင့်လာခဲ့ပြီး တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၄ အာရှ အားကစားပြိုင်ပွဲထက် အားကစားနည်းသုံးမျိုး တိုးမြင့်လာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ၂၀၁၁ ဆီးဂိမ်းစ် ပြိုင်ပွဲ ကျင်းပခဲ့သည့် ဂျကာတာမြို့နှင့် ပလန်ဘန်မြို့၌ ကျင်းပမည်ဖြစ်ပြီး ၎င်းတို့အားသာသည့် ဂျူဂျစ်ဆု၊ Jet Ski၊ Sport Climbing စသည့် အားကစားနည်းများ ထည့်သွင်း ကျင်းပမည်ဖြစ်သည်။ ၀ူရှူး၊ ပန်ကြပ်ဆီလတ် စသည့် အားကစားနည်းများကိုမူ ကိုယ်ခံပညာ အားကစားနည်းအောက်တွင် ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၈ အာရှအားကစားပြိုင်ပွဲကို အစောပိုင်းတွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားသော်လည်း ဘဏ္ဍာရေးအခြေအနေကြောင့် အင်ဒိုနီးရှား နိုင်ငံက ပြောင်းလဲ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ အာရှအားကစားပြိုင်ပွဲကို သြဂုတ် ၁၈ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း ရွေးချယ်ရခြင်း မရှိသေးကြောင်း သိရသည်။

၂၀၁၄ အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့ပြီး ဆုတံဆိပ်အားလုံးကို ပိုက်ကျော်ခြင်း အားကစားနည်းမှ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ရွှေတံဆိပ်ဆုကို နှစ်ယောက်တွဲ အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတို့မှ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၁၀ မျိုးတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

EMG


၂၀၁၄ အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ရယူနိုင်ခဲ့သည့် မြန်မာအမျိုးသား ပိုက်ကျော်ခြင်းနှစ်ယောက်တွဲ အသင်း (Photo: AFP)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။