ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေတက်လာမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ အဆိုပါ ကမ်းနားပြိုကျမှုတွေကြောင့် ဒေသခံတွေက အရေးပေါ်ကိုယ့်ထူကိုယ်ထ ပြုပြင်မှုတွေ ဆောင်ရွက်နေရတယ်လို့ ဇူလိုင် ၂၅ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ပရဟိတ တက်ကြွလှုပ်ရှားသူ ဒေါ်စုတာက ပြောပြခဲ့ပါတယ်။ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာ၊ ဒေါ်စုတာက “အရမ်းဆိုးတဲ့အပိုင်းတွေကို လုပ်ကြတာပေါ့။ အခု အရမ်းဆိုးတဲ့ပိုင်းက ပေါ်လာပြန်ပြီ။ ရွာသစ် ၃ ရပ်ကွက်က တအားဆိုးတယ်။ မြစ်ကမ်းနား တလျှောက်ပေါ့။ အခုလက်ရှိ ကမ်းထိန်းနံရံကို အရေးပေါ် ကိုယ့်ထူကိုယ်ထလုပ်နေတဲ့ နေရာကျတော့ လူနေရပ်ကွက်နဲ့ တအားနီးတဲ့နေရာမို့လို့ လုပ်နေကျတာ”လို့ ပြောပါတယ်။ 

ကရင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကို က “ကရင်ပြည်နယ်က နေရာကွက်ကြားမိုးကြီးမယ်လို့ သတိပေးထားတယ်။ မိုးများမယ်ဆိုကတည်းက မြစ်ကမ်းပါးနေတဲ့သူတွေကို သတိထားနေထိုင်ဖို့ အသိပေးထုတ်ပြန်ပြီးသားဖြစ်တယ်။ ကျနော်တို့ ဟောပြောပွဲတွေလုပ်ကတည်းက သတိပေးထားတယ်”လို့ ပြောပါတယ်။ရွှေဂွန်းကျေးရွာဟာ နှစ်စဉ်မိုးရွာသွန်းမှုနဲ့ သံလွင်မြစ်ရေတိုးလာမှုကြောင့် ကမ်းပါးပြိုကျမှု နှစ်စဉ်ဖြစ်ပေါ်ခဲ့တဲ့အတွက် ပြည်နယ်အစိုးရက ၂၀၁၈ ခုနှစ်မှာ မြစ်ကမ်းထိန်းနံရံ ၂၀၀ ပေ၊ ၂၀၁၉ ခုနှစ်မှာ ၃၈၀ ပေ တည်ဆောက်ပေးခဲ့ကြောင်း သိရပါတယ်။ 

ဒီကနေ့ မနက် ၈ နာရီတိုင်းတာချက်အရ ဘားအံမြို့မှာ မိုးရွာသွန်းမှုအနေနဲ့ မိုးရေချိန် ၅ ဒဿမ ၁၂ လက်မ၊ လှိုင်းဘွဲ့မြို့မှာ ၄ ဒဿမ ၅၉ လက်မရွာသွန်းခဲ့ပါတယ်။ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ ၆၂၃ စင်တီမီတာရောက်ရှိနေပြီး ဘားအံမြို့ရဲ့ စိုးရိမ်အမှတ်က ၇၅၀ စင်တီမီတာဖြစ်ပြီး သံလွင်မြစ်ရေဟာ ဆက်လက်မြှင့်တက်လာဖို့ ရှိနေကြောင်း သိရပါတယ်။ လှိုင်းဘွဲ့မြို့မှာ လှိုင်းဘွဲချောင်းရေဟာ ၉၇၀ စင်တိမီတာမှာရောက်ရှိနေပြီး လှိုင်းဘွဲမြို့ရဲ့စိုးရိမ်ရေအမှတ်က ၉၈၀ စင်တီမီတာဖြစ်ပါတယ်။

source - DBV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။