ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ကြီးမှူးပြီး လွိုင်ကော်မြို့နယ်က ကိုယ်ဝန်ဆောင် မိခင်တွေကို ရာသီတုပ်ကွေး H1N1 ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးပေးနေကြောင်း သိရပါတယ်။ ဒီကနေ့ လွိုင်ကော်မြို့နယ် ဒေသန္တရ ကျန်းမာရေးဌာနမှာ H1N1 ကာကွယ်ဆေး ထိုးနှံ ပေးနေတာဖြစ်ပြီး မြို့ပေါ် ၁၉ ရပ်ကွက်က ကိုယ်ဝန်ဆောင်မိခင် ၅၀၀ ကျော်ကို ထိုးနှံပေးမယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာန အထူးရောဂါနှိမ်နင်းရေးတာဝန်ခံ ဒေါက်တာ ထွန်းနေဝင်းက ပြောပြခဲ့ပါတယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ တပြည်နယ်လုံးမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၂၀၀၀ လောက်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ပြီး ပိုနေတဲ့ဆေးတွေကို ရောဂါကူးစက်မှုလွယ်ကူတဲ့ ကိုယ်ဝန်ဆောင်မိခင်ကို ရွေးချယ်ထိုးပေးတာပဲ ဖြစ်ပါတယ်။ 

“ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပြီးတဲ့အခါမှာ ဆေးလုံလောက်မှုအရ တွက်ချက်တဲ့ အခါမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ရွေးချယ်တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေကို ရွေးချယ်တဲ့ အချိန်မှာလည်း ကျနော်တို့က လွိုင်ကော်မြို့ပေါ် ၁၉ ရပ်ကွက်က ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်ကို ကျနော်တို့ တွက်ချက်ကြည့်တဲ့အခါမှာ ဦးရေ ၅၀၀ လောက်ရှိတယ်။ ကြိုမအပ် ထားတဲ့လူတွေလည်း ပါကောင်းပါမယ်။ ပိုပိုလိုလိုတွက်တဲ့အချိန်မှာ ကျနော်တို့ ဆေးလက်ကျန် ကျန်တဲ့ ပမာဏနဲ့ ထိုးပေးဖို့ လုံလောက်တယ်။ အဲဒီအတွက်ကြောင့် ကျနေ်ာတို့က လွိုင်ကော်မြို့ ပေါ် ၁၉ ရပ်ကွက်က ကိုယ်ဝန်ဆောင် မိခင်တွေကို ဦးစားပေးပြီးတော့ အရင်ထိုးနှံတယ်။ ဦးစားပေးတယ်ဆိုတာ မြို့ပေါ်မိုးလို့ ဦးစားပေးတာမဟုတ်ဘူး။ မြို့ပေါ်ဆိုတာ လူဦးရေ ထူထပ်တယ်။ ဒီရောဂါရဲ့ သဘောသဘာဝက လူနေသိပ်သည်းတဲ့နေရာမှာ ပိုပြီးကူးစက်မှုများတဲ့ အတွက် မြို့ပေါ် ၁၉ ရပ်ကွက်ကို အရင်ဦးစားပေးပြီး ရွေးချယ်ရခြင်းဖြစ်တယ်။” ဒါ့အပြင် ပြည်ထောင်စုအစိုးရမှ ဆေးတွေထပ်မံထောက်ပံ့လာရင်လည်း ကျန်နေတဲ့ မြို့နယ် ၆ မြို့နယ်နဲ့ ကျေးရွာတွေကိုပါ ထိုးနှံပေးသွားမယ်လို့လည်း ပြောပါတယ်။ 

ဆေးလာထိုးတဲ့ ကိုယ်ဝင်ဆောင်မိခင် ဆိုဖီယာဂျွန်က “အရမ်းကျေးဇူးတင်ပါတယ်လို့။ ဘာဖြစ်လို့လဲဆိုရင် မိခင်ကောကာကွယ်တယ်ဆိုရင် အထဲက ကလေးကိုလည်း တခါတည်း ကာကွယ်ပြီးသားဖြစ်မယ်လို့လည်း ထင်တာပေါ့နော်။ သူတို့ဒီလို အစီစဉ်တွေ လုပ်ပေးတာ နိုင်ငံတော်အစိုးရရော ပြည်နယ်အစိုးရကို အရမ်းကျေးဇူးတင်ပါတယ်။” လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ H1N1 ပိုးတွေ့လူနာ ၈ ဦးရှိပြီး ၅ ဦးမှာ ရောဂါ သက်သာလာလို့ ဆေးရုံကနေ ဆင်ပြီပြီး လက်ရှိမှာတော့ ၃ ဦး ဆက်လက်ကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။ H1N1 နဲ့ ပတ်သက်ပြီး ကယားပြည်နယ်အတွင်း သေဆုံးသူမရှိသေးပါဘူး။ ရာသီတုပ်ကွေးရောဂါ H1N1 ပိုးကူးစက်ခံရပြီး သေဆုံးသူအရေအတွက် ဇူလိုင် ၂၄ ရက်နေ့အထိ ၇၁ ဦး ရှိသွားပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

source - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။