ပရိသတ်တွေကြားရေပန်းစားနေတဲ့ WLC-9 ရဲ့ အဓိကပွဲတစ်ပွဲဖြစ်တဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝနဲ့ UFC ဖိုက်တာ Seth Baczynski တို့ရဲ့ ပွဲကိုတော့ ပရိသတ်တွေလည်း သိပြီးဖြစ်မယ်ထင်ပါတယ်။ လာမည် သြဂုတ်လ ၂ ရက်နေ့မှာ မန္တလေးမြို့ မန္တလာသီရိအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပရိသတ်တွေကြားရေပန်းစားနေတဲ့ ပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ မြန်မာလက်ဝှေ့ ချန်ပီယံ ဒေဝပွဲစဉ်နဲ့အတူ အခြားမြန်မာ့ကိုယ်စားပြု ဖိုက်တာများစွာကလည်း ပြည်ပဖိုက်တာအသီးသီးနဲ့ ထိုးသတ်ဖို့ရှိနေကြောင်း သိရပါတယ်။  

အဆိုပါ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဒေဝကတော့ အမေရိကန်နိုင်ငံသား UFC ဖိုက်တာ Seth Baczynski ကို ပထမအချီမှာတင်အလဲထိုးဖို့ရှိနေကြောင်း ပြောပြထားပြီး ပြိုင်ပွဲအတွက်လေ့ကျင့်မှုတွေကို အဆက်မပျက်လေ့ကျင့်လျှက်ရှိကြောင်း သိရပါတယ်။ အသက် (၂၈) နှစ်ရှိတဲ့ ကနေဒါလက်ဝှေ့သမား ဒေဝအတံက် WLC ပွဲဦးထွက်ပွဲတစ်ပွဲဖြစ်ပြီး အသက် (၃၈) နှစ်ရှိတဲ့ အမေရိကန်နိုင်ငံသား UFC တိုက်ခိုက်ရေးသမား Seth Baczynski က သူ့ထက် အတွေ့အကြုံ (၂) ဆလောက်ရှိပြီး ပါဝါပိုကြီးပေမဲ့ မေးရိုးတွေ၊ ပါးချိတ်တွေထိရင်တော့ ခံနိုင်မှာမဟုတ်ဘူးလို့ ဒေဝက ပြောပြထားပါတယ်။  

"ဘယ်နှချီထိုးထိုး ထိုးကြေးက ပြောင်းသွားမှာမဟုတ်ဘူး။ အချီပိုများလေလေ၊ ထိနိုင်ခြေ၊ ကွဲနိုင်ခြေပိုများလေလေဖြစ်လို့ အမြန်ဆုံးပွဲဖြတ်ဖို့ နည်းပြက ပြောထားပါတယ်။ ခေါင်းတိုက်၊ ခေါင်းရိုက်၊ တံတောင်၊ ဒူး သတ်ကွက်အစုံသွားပြီး အမြန်ဆုံးပွဲသိမ်းနိုင်ဖို့ ကြိုးစားသွားမှာပါ"လို့ ဒေဝကတော့ မီဒီယာတွေ့ဆုံမှုမှာ ပြောပြခဲ့ပါတယ်။ UFC ဝါရင့်တိုက်ခိုက်ရေးသမားကို တစ်ချီတည်းနဲ့ပွဲဖြတ်ဖို့ ဘယ်လို သတ်ကွက်အသုံးပြုမလဲ ဆိုတာကတော့ သူ့ရဲ့ လျှို့ဝှက်ချက်၊ ပွဲအစီအစဉ်ဖြစ်လို့ ထုတ်မပြောနိုင်ဘူးလို့ ဒေဝက ပြောပြခဲ့ပါတယ်။ ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမည့် ဒေဝနဲ့ အမေရိကန်UFC ဖိုက်တာ Seth Baczynski တို့ရဲ့ ပွဲကောင်းတစ်ပွဲကို စောင့်မျှော်ကြည့်ရှုဖို့ ပရိသတ်တွေကိုမျှဝေပေးလိုက်ပါတယ်။

photos - dave

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။