တောင်အမေရိကတိုက်၏ ပြင်သစ်ဂီယာနာ (French Guiana)ရှိ အာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်စခန်း (Ariane Space Launch Base)သို့ ရောက်ရှိနေသော မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုဟ်တု Myanmar Sat 2 သို့မဟုတ် Intelsat 39 ဟုခေါ်သည့် မြေပြင်တည်ငြိမ် ပတ်လမ်းသွား ဆက်သွယ်ရေးဂြိုဟ်တုကို လာမည့် ဩဂုတ် ၇ ရက် နံနက် ၂ နာရီတွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနမှ သိရပါတယ်။ Myanmar Sat 2 ကို ယခင်က ဇူလိုင် ၂၄ ရက်တွင် လွှတ်တင်ရန် စီစဉ်ခဲ့သော်လည်း ဂြိုဟ်တုလွှတ်တင်မည့် သတ်မှတ်ရက်မတိုင်မီ ပြင်သစ် ဂီယာနာရှိ အာရိယန်အာကာသဒုံးပျံပစ်လွှတ်ရေးစခန်းမှ ဇူလိုင် ၁၀ ရက်တွင် လွှတ်တင်ခဲ့သော အီတလီနိုင်ငံလုပ် ဒုံးပျံတစ်စင်းမှာ လွှတ်တင်ပြီး ၉ မိနစ်အကြာတွင် ပျက်ကျခဲ့သဖြင့် လွှတ်တင်မည့်နေ့ရက် ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။ 

Myanmar Sat 2 ဂြိုဟ်တု တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် Intelsat ကုမ္ပဏီအကြား သဘောတူညီမှုစာချုပ်ကို ၂၀၁၈ ခုနှစ် ဇွန် ၁ ရက်က စတင် လက်မှတ်ရေးထိုးပြီး အဆိုပါဂြိုဟ်တုကို Intelsat အတွက် မာဇာနည်းပညာကုမ္ပဏီက (၅၂)စင်းမြောက်ဂြိုဟ်တုအဖြစ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကာ စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းခန့် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဂြိုဟ်တုကို လွှတ်တင်ခြင်းဖြင့် ကမ္ဘာပေါ်ရှိ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆက်သွယ်ရေး အော်ပရေတာများ၏ စွမ်းဆောင် ရည်မြန်နှုန်း များကို တိုးမြှင့်ပေးနိုင်မည့်အပြင် အာဖရိကတိုက်၊ ဥရောပတိုက်၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာရှတိုက်တစ်ခွင်၌ မြန်နှုန်းမြှင့် ဗီဒီယိုဖြန့်ချိရေးဝန်ဆောင်မှုကိုလည်း ဖြည့်ဆည်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုဟ်တုဖြစ်သော Myanmar Sat 2 ဂြိုဟ်တုကို လွှတ်တင်မည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်နဲ့ တွေ့ဆုံမေးမြန်းမှုများအရ သိရပါတယ်။  

မေး။ Myanmar Sat 2 သို့မဟုတ် Intelsat 39 လို့ ခေါ်တဲ့ မြေပြင် တည်ငြိမ်ပတ်လမ်းသွား ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ဂြိုဟ်တုကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အခြေစိုက် Palo Alto က ထုတ်လုပ်ပါတယ်။ ယခင်က SSL (Space System Loral) လို့ခေါ် ပြီး အခု Maxar Technologies လို့ခေါ်တဲ့ နည်းပညာကုမ္ပဏီက ဖြစ်ပါတယ်။ ဂြိုဟ်တုထုတ်လုပ်တဲ့ ကုမ္ပဏီက Order မှာယူရပါတယ်။ အဲဒီမှာ သေသေချာချာစမ်းသပ်ပြီးရင် လွှတ်တင်မယ့် Launch Site ကို ပို့ပေးပါတယ်။ ဂြိုဟ်တုကို အာကာသပတ်လမ်းထဲရောက်အောင် သယ်ပို့ပေးမယ့် Launch Vehicle လို့ခေါ်တဲ့ ဒုံးပျံကိုလည်း Order မှာရပါတယ်။ တချို့က ဒုံးပျံကိုတစ်နေရာမှာ ထုတ်လုပ်ပြီး ပစ်လွှတ်စခန်းကို ပို့ပေးတယ်။ တချို့က ပစ်လွှတ်ရေးစခန်းပိုင်တဲ့ ကုမ္ပဏီကပဲ ထုတ်လုပ်ပြီး သူ့ရဲ့ Launch Base ကို ပို့ပါတယ်။ Myanmar Sat 2 က Intelsat Satellite Operator နဲ့ ပေါင်းပြီး လွှတ်တာဖြစ်ပါတယ်။ မြန်မာပိုင်တဲ့အပိုင်းကို Myanmar Sat 2 လို့ အမည်တပ်ခွင့်ရပါတယ်။ သေချာစမ်းသပ်ပြီး Launch Site ကို ပို့ပေးတယ်။ Ariane 5 ဒုံးပျံကို ပြင်သစ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Arianespace က ထုတ်လုပ်ပြီး သူ့စခန်းကပဲ လွှတ်တင်ပေးပါတယ်။ တောင်အမေရိကတိုက် မြောက်အတ္တလန္တိတ်ကမ်းခြေမှာရှိတဲ့ အာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်စခန်းကနေ လွှတ်တင်ပေးမှာ ဖြစ်ပါတယ်။

မေး။ Myanmar Sat 2 မပိုင်ဆိုင်ခင်က ဘယ်လိုတွေ ဆောင်ရွက် ခဲ့ရတယ်ဆိုတာ ပြောပြပေးစေလိုပါတယ်။

ဖြေ။ မြန်မာနိုင်ငံက ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက်ကို အရင်က နိုင်ငံ အသီးသီးကတစ်ဆင့် ငှားရမ်းအသုံးပြု နေခဲ့ရပါတယ်။ ဂြိုဟ်တုတွေကို အမေရိကန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ နိုင်ငံပေါင်းစုံကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ဈေးကြီးပေးပြီး ငှားရမ်းအသုံးပြုနေခဲ့ရတာဖြစ်ပါတယ်။

မေး။ Myanmar Sat 2 ကို လွှတ်တင်ဖို့ ဇူလိုင်လ ၂၄ ရက် လျာထား ခဲ့ပေမယ့် ဘာကြောင့် ရက်ရွှေ့ဆိုင်း ခဲ့ရတယ်ဆိုတာ သိချင်ပါတယ်။

ဖြေ။ Myanmar Sat 2 ပါဝင်တဲ့ Intelsat 39 ဂြိုဟ်တုကို လွှတ်တင်ဖို့ ဇူလိုင်လ၂၄ ရက် လျာထားခဲ့ပေမယ့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ အကြောင်းကတော့ ဇူလိုင်လ ၁၀ ရက်က လွှတ်တင်တဲ့ အာရပ်စော်ဘွား များနိုင်ငံရဲ့ အနိမ့်ပျံဂြိုဟ်တု (မြေပြင်လေ့လာရေးဂြိုဟ်တု)ကို သယ်ဆောင်သွားတဲ့ Vega Rocket လွှတ်တင်ပြီး ၉ မိနစ်မှာ ပျက်ကျခဲ့လို့ အခုကိစ္စကိုလည်း သေချာအောင် ပြန်လည်စမ်းသပ် စစ်ဆေးနေရလို့ပါ။ ဩဂုတ်လ ၂ ရက်နေ့ကို လွှတ်တင်ဖို့ ရည်ရွယ်ထား ခဲ့ပေမယ့်လည်း ရက်ရွှေ့ခဲ့ရပါတယ်။ အကြောင်းကတော့ ဒုံးပျံနဲ့အတူ လိုက်ပါမယ့် (Co-Passenger) ဥရောပဂြိုဟ်တု DRS-C စမ်းသပ်စစ်ဆေးမှုတွေ မပြီးသေးလို့ ဖြစ်ပါတယ်။

မေး။ အခု ဘယ်နေ့ကို လွှတ်တင်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက စမ်းသပ်စစ်ဆေးမှုပြီးလို့ ဩဂုတ်လ ၆ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲ မြန်မာစံတော်ချိန် ဩဂုတ်လ ၇ ရက် နံနက် ၂ နာရီမှာ လွှတ်တင်ဖို့ ရည်ရွယ်ထားပါတယ်။

မေး။ Myanmar Sat 2 က ဘယ်လိုဝန်ဆောင်မှုတွေ ပေးနိုင်တယ် ဆိုတာကိုလည်း သိရှိလိုပါတယ်။

ဖြေ။ Microwave ဆက်ကြောင်းတွေ၊ ဖိုင်ဘာဆက်သွယ်ရေး ဆက်ကြောင်းတွေ မရရှိသေးတဲ့ မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်ဖျားဒေသ မကျန် အချိန်တိုအတွင်း ဆက်သွယ်မှုကို ရရှိစေနိုင်ပါတယ်။ ဥပမာ - သဘာဝဘေးဒဏ် ကျရောက်တဲ့အခါ အလျင်အမြန်ဆက် သွယ်မှုရ ရှိစေပြီး ပုံရိပ်နဲ့ဗီဒီယိုတွေ၊ အချက်အလက်တွေကို ပေးပို့နိုင်တဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဓိကအောင်မြင်အောင် အထောက် အကူပေးနိုင်ပါတယ်။

မေး။ မြန်မာနိုင်ငံအနေနဲ့ ရရှိလာမယ့် အကျိုးကျေးဇူးတွေကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။ နောက်ဆုံးပေါ် နည်းပညာအသုံးပြုထားလို့ Myanmar Sat 1 ထက် အဆ ၈ ဆမှ ၁၀ ဆအထိ ပိုကောင်းတဲ့အတွက် အရည် အသွေးမြင့်တဲ့ ဆက်သွယ်မှုတွေ ရရှိနိုင်ပါတယ်။ ဖမ်းယူမှုအားပိုမိုရရှိတဲ့ အတွက် Myanmar Sat 2 အသုံးပြုတဲ့ မိုဘိုင်းအင်တာနက်နဲ့ အခြားဆက်သွယ်ရေးတွေမှာလည်း မြန်နှုန်းပိုမိုရရှိလာမှာ ဖြစ်ပါတယ်။

မေး။ အခြားဖြည့်စွက်ပြောကြားလိုတာ ရှိရင်လည်း ပြောပြပေးစေ လိုပါတယ်။

ဖြေ။ Myanmar Sat 2 ဂြိုဟ်တုက ဂြိုဟ်တုလိုင်းအင်အား ၈၆၄ မဂ္ဂါဟတ်စ် (၈၆၄ MHz) ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အစိုးရဝန်ကြီးဌာနတွေအပြင် ပုဂ္ဂလိကကုမ္ပဏီတွေပါ အသုံးပြုနိုင်ပါတယ်။ ဝန်ကြီးဌာနတွေနဲ့ ကုမ္ပဏီတွေ Myanmar Sat 2 ဂြိုဟ်တုကို အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံက ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ e – Application တွေ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို အသုံးပြုလာနိုင်ပါတယ်။ e-Education, e-Health စသဖြင့် ပြည်သူလူထုအတွက် ဝန်ဆောင်မှုတွေ ပိုမိုပေးလာနိုင်မှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနေ တွကလည်း ပြည်သူအတွက် အကျိုးပိုမိုရရှိစေမယ့် application တွေ အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဂြိုဟ်တုလိုင်း အင်အားတွေကို ကျွန်တော်တို့ကိုယ်တိုင် စီမံအသုံးပြုလာနိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ GDP ကို ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။ ဩဂုတ် ၇ ရက်မှာ မာဇာက လွှတ်တင်မှု၊ ပတ်လမ်းရောက်ရှိ လည်ပတ်နိုင် မှုနဲ့ တိုးတက်မှုအခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ Twitter , Linkedin နဲ့ Facebook တို့မှာ တင်ပြပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။