ပြည်တွင်းမိုးရွာသွန်းမှုကြောင့် ပြည်နယ်တိုင်းအနှံ့အပြားတွင် ထိခိုက်ဆုံးရှုံးမှုတွေနဲ့အတူ ပြင်ဆင်မှုတွေကိုလည်း အဆက်မပျက်ပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်တောင်းတာအနိမ့်ပိုင်း နေရာများနှင့် ရေကျော်တတ်သော မဒေါက်ဈေးရှေ့ ရွှေကျင်-မဒေါက် ကားလမ်းနေရာ ရေကျော်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် တပ်မတော်သားများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများပူးပေါင်းပြီး သဲအိတ်ဆင့်၍ ကြိုတင်ကာကွယ်ခြင်း၊ လိုအပ်လာလျှင် အသုံးပြုနိုင်ရန် သဲအိတ်များဖြည့် စုပုံထားခြင်းများအား ဩဂုတ် ၆ ရက်နေ့ ဒီကနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။  

စစ်တောင်းတာ ထိန်းသိမ်းမှု အခြေအနေနှင့် ပတ်သက်၍ "တာရဲ့စိုးရိမ်ရေ အမှတ် ကျော်လာတဲ့အတွက် အရေးပေါ် အဆင့် (၁) သတ်မှတ်ပြီး တာတစ်လျှောက်မှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွေမှာ အလံစိမ်းတွေ ထောင်ထားပြီး အသိပေးထားပါတယ်။ ရေကင်းတွေ လှည့်စစ်ဆေးဖို့ လှုံ့ဆော်ထားတယ်။ ရေကျော်နိုင်တဲ့ နေရာတွေမှာ သဲအိတ်ဆင့်တာတွေ သဲအိတ်ကြိုစုထားတာတွေကို ဆောင်ရွက် နေပါတယ်။ လက်ရှိအခြေအနေအရ စိတ်ချရပါတယ်။ မနှစ်က တာရဲ့အားနည်းတဲ့အပိုင်းတွေကို ကျွန်တော်တို့ ပြုပြင်ထားပါတယ်။ နိမ့်နေတဲ့အပိုင်းတွေကိုလည်း မြေထပ်တင်ထားတယ်။ မနှစ်က ကျိုးသွားတဲ့ အပိုင်းလည်း မြေဖို့ပြီးဖြစ်ပါတယ်" ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်အောင်က ပြောပြခဲ့ပါတယ်။ 

အဆိုပါ စစ်တောင်းတာသည် အမြင့်ဆုံး မြစ်ရေကို ကာကွယ်နိုင်သည့် တာရေမှတ် ၄၄.၅ပေ၊ စိုးရိမ်ရေမှတ် ၃၉ပေရှိပြီး နံနက် ၁၁ နာရီတွင် မြစ်ရေမှတ် ၄၀.၇ ပေ ရောက်ရှိနေ၍ နှစ်ပေနီးပါး မြင့်တက်နေကြောင်း သိရပါတယ်။ ဒီကနေ့နံနက်က စုပေါင်းလုပ်ဆောင်ခဲ့တဲ့ စစ်တောင်းတာကြိုတင်ကာကွယ်မှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။