အဆက်မပျက်မိုးရွာသွန်းမှုတွေနဲ့အတူ ပြင်းထန်တဲ့လေပြင်းတိုက်ခတ်မှုတွေကြောင့် နေအိမ်အဆောက်အဦးပြိုကျပျက်ဆီးမှုတွေနဲ့အတူ သစ်ပင်လဲပြိုမှုတွေလည်း မကြာခဏဖြစ်ပွားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ သစ်ပင်ပြိုလဲမှုတွေကြောင့် လူနေအိမ်တွေနဲ့အတူ မော်တော်ယာဉ်များစွာ ထိခိုက်မှုတွေရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများခဲ့ကြောင်း သိရပါတယ်။ သြဂုတ် ၇ ရက်နေ့ ဒီကနေ့ နံနက် ၉ နာရီကျော်က တက္ကသိုလ်ရိပ်သာလမ်း မြဝတီဆီဆိုင်အနီးတွင် သက်တမ်းရင့် ကုက္ကိုလ်ပင်တစ်ပင် လဲကျမှုကြောင့် လမ်းပေါ်သွားနေသည့် ကိုယ်ပိုင်ယာဉ်တစ်စီးပေါ်ပိကျမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ကုက္ကိုလ်ပင် လဲကျမှုကြောင့် ကိုယ်ပိုင်ယာဉ်ပေါ်မှ ယာဉ်မောင်းမှာ ကားအတွင်း ၁၀ မိနစ်ခန့် ပိတ်မိနေခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ကားတစ်စီးလုံး ပျက်စီးသွားခဲ့ကြောင်း ယာဉ်ပိုင်ရှင်က ပြောကြားခဲ့ပါတယ်။ “ကျွန်တော်က ကုက္ကိုင်းမီးပွိုင့်ဘက်ကနေ လှည်းတန်းဘက်ကို မောင်းလာတာပါ။ အဲ့အချိန် မိုးကလည်း ဖွဲဖွဲလေး ရွာနေတယ်။ မြဝတီဆီဆိုင်နား အရောက်မှာတော့ ကျွန်တော့်ကားပေါ်ကို အဲ့ဒီကုက္ကိုလ်ပင်ကြီး ဝုန်းဆိုပြီး လဲကျပိမိခဲ့တာပါ။ ကျွန်တော် ကားထဲမှာ ၁၀ မိနစ်လောက် ပိတ်မိနေတယ်။ အဲ့နားက ရဲတပ်ဖွဲ့ဝင်တွေ ပြေးထွက်လာပီး ကျွန်တော်ကို ကယ်ထုတ်ခဲ့တာပါ။ လူဘာမှ မဖြစ်တာ ကံကောင်းလို့ပဲ ပြောရမယ်။ ကားကတော့ တစ်စီးလုံး ပျက်စီးခဲ့ပါတယ်” ဟု ယာဉ်ပိုင်ရှင်က ပြောကြားခဲ့ပါတယ်။ 

၄င်း ကုက္ကိုလ်ပင် လဲကျမှုကြောင့် တက္ကသိုလ်ရိပ်သားလမ်း တစ်လျောက် ၁ နာရီကျော်ကြာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး ကုက္ကိုလ်ပင်ကို ရဲတပ်ဖွဲ့နှင့် စည်ပင်ဝန်ထမ်း ၃၀ ကျော် ရှင်းလင်း ဆောင်ရွက်ခဲ့ရကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း မြဝတီဆီဆိုင်အနီးတွင် သက်တမ်းရင့် ကုက္ကိုလ်ပင်တစ်ပင် လဲကျမှုပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

photos - အောင်မျိုးသန့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။