နေ့စဉ်နီးပါးကြားသိနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုတွေကတော့ များစွာပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ ပရိသတ်တွေကြားသိနေရတဲ့ ယာဉ်တိမ်းမှောက်မှုတွေထဲမှာ ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုတစ်ခုကတော့ ဒီကနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကတော့ အိမ်စီးကားတစ်စီး အရှိန်လွန်ကာ လမ်းဘေးဓာတ်တိုင်ကိုတိုက်မိပြီး တိမ်းမှောက်ခဲ့တာပဲဖြစ်ပါတယ်။  

၎င်းဖြစ်စဉ်ကတော့ သြဂုတ်လ ၉ ရက်နေ့ ဒီကနေ့ မနက် ၉ နာရီ ၁၅ မိနစ်ခန့်က လှိုင်မြို့နယ် ၁၂ ရက်ကွက် ပါရမီလမ်း စဉ်ကူဆောင်အရှေ့တွင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး "အိမ်စီးကားတစ်စီး အရှိန်လွန်ကာ လမ်းဘေးရှိဓာတ်တိုင်ကို ဝင်တိုက်မိရာက ဆက်စပ်လျက်ရှိတဲ့ အခြားဓာတ်တိုင်များလဲကျပြီး လမ်းတစ်ခြမ်းခေတ္တပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း" မျက်မြင်သက်သေတစ်ဦးက ပြောပြခဲ့ပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာသို့ မရမ်းကုန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅)ဦး၊ လှိုင်မြို့နယ်မီးသတ်စခန်းမှ အသက်ကယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၇)ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။  

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လူမှုကယ်ဆယ်ရေး ယာဉ်ဖြင့် ပါရမီဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ ယာဉ်တိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ပေမယ့် သေဆုံးသူမရှိကြောင်း သိရပါတယ်။ ဒီကနေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တဲ့ လှိုင်မြို့နယ်၊ ပါရမီလမ်းမပေါ်စဉ့်ကူးဆောင်ရှေ့က ယာဉ်တိုက်မှုပုံရိပ်အချို့ကို ပြသရင်း ယာဉ်မောင်းညီအကိုတွေသတိပြုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

PHOTOS - MFS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။