ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် ကျင်းပပြုလုပ်သော (၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါး လှေချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အသင်းများစွာသွားရောက်ယှဉ်ပြိုင်လျှက်ရှိပါတယ်။ မနေ့က စတုတ္ထမြောက်နေ့ ပွဲစဉ်များအဖြစ် မီတာ ၂၀၀ ပွဲစဉ်များကို ဆက်လက် ကျင်းပပြုလုပ်ရာ ပွဲ(၄)မျိုး၌ ပါဝင်ယှဉ်ပြိုင်ခဲ့သော မြန်မာအသင်းသည် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု နှင့် ကြေးတံဆိပ်(၂)ခု ထပ်မံ ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ မြန်မာအသင်းသည် ရွှေတံဆိပ်ဆုကို အသက်(၂၄)နှစ်အောက် အမျိုးသမီးအသင်းက ဆွတ်ခူးပေးခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာ ယူ(၂၄) အမျိုးသမီးအသင်းသည် ဒေသစံ တော် ချိန်ညနေ(၃)နာရီ (၃၄)မိနစ်က ပြု လုပ်သော အသက်(၂၄)နှစ်အောက် မီတာ ၂၀၀ ပွဲစဉ်၌ စံချိန် (၀၀မိနစ် ၅၄ဒသမ ၄၁၇စက္ကန့်)ဖြင့် ပထမ နေရာပန်းဝင်ကာ ပထမဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။

ယခုပွဲစဉ်သည် နှစ်ကြိမ်ယှဉ်ပြိုင်ရသော ပွဲစဉ်ဖြစ်ရာ ပထမအကြိမ် ပွဲစဉ်၌လည်း စံချိန်(၅၅ဒသမ ၁၂၅စက္ကန့်)ဖြင့် မြန်မာယူ(၂၄)အမျိုးသမီးအသင်း ပန်းဝင်ခဲ့ပါတယ်။ ၎င်း ပွဲစဉ်၌ မြန်မာအသင်းက ပထမ၊ အိမ်ရှင်ထိုင်းအသင်းက ဒုတိယ၊ အမေရိကန်အသင်းက တတိယ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ယခုရွှေတံဆိပ်သည် မြန်မာယူ(၂၄)အမျိုးသမီးအသင်းအတွက် ဒုတိယမြောက် ရွှေတံဆိပ်ဖြစ်ပြီး မြန်မာအသင်းအတွက် တတိယမြောက် ရွှေတံဆိပ် လည်းဖြစ်ပါတယ်။ မြန်မာယူ(၂၄)အမျိုးသမီး အသင်းသည် ဩဂုတ်(၂၁)ရက်တွင် ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲပထမနေ့၌ ပထမဆုံးရွှေတံဆိပ် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒေသစံတော်ချိန် ညနေ(၃)နာရီ (၂၆)မိနစ်တွင် ကျင်းပပြုလုပ်သော အသက်(၂၄) နှစ်အောက် အိုးပင်း (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်တွင် မြန်မာအသင်းက စံချိန်(၁မိနစ် ၄၀ဒသမ ၀၉၃စက္ကန့်) ဖြင့် ဒုတိယငွေတံဆိပ်ဆု၊ အိမ်ရှင်ထိုင်းအသင်းက ပထမ၊ တရုတ်(ဟောင်ကောင်) အသင်းက တတိယရရှိခဲ့ပါတယ်။ နံနက်ပိုင်းပွဲစဉ်များအား ဒေသစံတော်ချိန် နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်ရာ Premier အမျိုးသား/ အမျိုးသမီးအရော မီတာ ၂၀၀ ပွဲစဉ်၌ စံချိန်(၅၁ဒသမ ၃၅စက္ကန့်)ဖြင့် မြန်မာအသင်းက တတိယကြေး တံဆိပ်ဆု၊ အိမ်ရှင် ထိုင်းအသင်းက ပထမ၊ ကနေဒါအသင်းက ဒုတိယရရှိခဲ့ပါတယ်။

နံနက်ပိုင်းပွဲစဉ်များအား ဒေသစံတော်ချိန် နံနက်(၉)နာရီ (၃၈)မိနစ်တွင် ကျင်းပပြုလုပ်ရာ အသက်(၂၄) နှစ်အောက် အမျိုးသား/အမျိုးသမီးအရော မီတာ ၂၀၀ ပွဲစဉ်၌လည်း မြန်မာအသင်း တတိယ ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ယင်းပွဲစဉ်သည် နှစ်ကြိမ်ယှဉ်ပြိုင်ရသော ပွဲစဉ်ဖြစ်ပြီး မြန်မာအသင်းသည် ပထမအကြိမ်၌ စံချိန် (၅၁ဒသမ ၆၃၇ စက္ကန့်)၊ ဒုတိယအကြိမ်၌ စံချိန်(၅၃ဒသမ ၃၁၈စက္ကန့်)ဖြင့် တတိယကြေးတံဆိပ်ဆု၊ ကနေဒါအသင်းက ပထမ၊ အိမ်ရှင် ထိုင်းအသင်းက ဒုတိယ ရရှိခဲ့ပြီး မြန်မာအသင်းသည် ပြိုင်ပွဲပထမနေ့ ဩဂုတ်(၂၁)ရက်မှ ပြိုင်ပွဲစတုတ္ထနေ့ ဩဂုတ်(၂၄)ရက်နေ့အထိ ပြိုင်ပွဲ(၁၂)မျိုး၌ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၃)ခု နှင့် ကြေးတံဆိပ်(၅)ခု စုစုပေါင်း ဆုတံဆိပ် (၁၁)ခု ဆွတ်ခူးရရှိ ထားပါတယ်။ ပြိုင်ပွဲနောက်ဆုံးရက်ဖြစ်သည့် ဩဂုတ်(၂၅)ရက်နေ့တွင် ဆက်လက် ကျင်းပမည့် မီတာ ၅၀၀ ပွဲစဉ် များကို ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရပါတယ်။

source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။