ကိုယ်ဝန်ဆောင်တော့မယ့် မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်တကယ်ရှိလာတဲ့အခါ ပြောင်းလဲလာတဲ့ ဖြစ်စဉ်လေးတွေကြောင့် စိတ်ဖိစီးမှုတွေဖြစ်ပြီး စိုးရိမ်မှုတွေ လွန်ကဲလာတတ်ပါတယ်...။ ဒါပေမယ့်အရာအားလုံးဟာ စိုးရိမ်စရာတော့ မဟုတ်ပါဖူးနော်....။ ဘယ်လိုမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိတယ်၊ ဘယ်လိုတွေကတော့ ပုံမှန်မဟုတ်ဘူး စသဖြင့် ကြိုတင်သိထားမယ်ဆိုရင် မလိုအပ်ဘဲ စိတ်ပူနေရတာမျိုးတွေ မဖြစ်တော့ဘဲ တကယ်အလေးပေးရမယ့် အခြေနေတွေအတွက် အချိန်မီ လုပ်ဆောင်စရာရှိတာတွေကိုပါ လုပ်နိုင်မှာဖြစ်ပါတယ်...။ ကြားဖူးနားဝ ဆေးမြီးတိုးနည်းလမ်းတွေနဲ့ အမှားတွေမလုပ်မိအောင်အတွက် ကိုယ်ဝန်ဆောင်မိခင်တွေ များသောအားဖြင့် ကြုံတွေ့ရလေ့ရှိတဲ့ "ပျို့တာနဲ့၊ အလွန်အမင်းအန်တာ"ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။

photo credit pngtree

(၁) ပျို့တာ - တစ်ခုခု စားသောက်တော့မယ်ဆိုရင် ပျို့လာတတ်တာက ကိုယ်ဝန် ၆ ပတ်ကနေ ၁၂ ပတ်အတွင်းမှာ ကြုံရတတ်တဲ့ လက္ခဏာဖြစ်ပါတယ်...။ အန်တာထက်စာရင် ပျို့တာ၊ လေတက်တာ ပိုပြီး ဖြစ်တတ်ပါတယ်...။ ဒါဘာကြောင့်ဖြစ်ရတယ်ဆိုတာ သေချာမပြောနိုင်ကြပေမယ့် ပုံမှန် ဇီဝကမ္မဖြစ်စဉ်တစ်ခု ဒါမှမဟုတ် "hCG level" တက်လာတာကြောင့်ဖြစ်မယ်လို့ မှန်းဆပြောဆိုကြတာဖြစ်ပါတယ်...။ တော်ရုံတန်ရုံလောက်ကတော့ နားနားနေနေ နေလိုက်ရင် သက်သာတာများပါတယ်...။ တခါတလေမှ အအန်ပျောက်ဆေးတွေ သောက်ဖို့လိုအပ်တာဖြစ်ပါတယ်...။ တကယ်လို့ ပျို့တာက အရမ်းဆိုးလာရင် အလွန်အမင်းအန်တဲ့အထိပါ ဖြစ်လာတတ်ပါတယ်...။

photo credit pngtree

(၂) အလွန်အမင်းအန်တာ- ဒါကို "Hyperemesis Gravidarum" လို့ခေါ်ပါတယ်။ "H.mole" လို့ခေါ်တဲ့ စပျစ်သီးသနေနဲ့ အမြွာကိုယ်ဝန်တွေမှာ ကြုံတွေ့ရလေ့ရှိပါတယ်...။ ပြင်းပြင်းထန်ထန် အန်လာရင် အစားလည်းကောင်းကောင်း မစားနိုင်တာကြောင့် အာဟာရပျက်လပ်တာ၊ အန်တာတွေများတာကြောင့် ရေဓာတ်ခန်းခြောက်ပြီး သွေးပေါင်ကျတာ၊ ဆီးမသွားတော့တာတွေ ဖြစ်လာပါလိမ့်မယ်...။ "Wernicke-Korsakoff syndrome" လို့ခေါ်တဲ့ ဗီတာမင်ဓာတ်ချို့တဲ့ရောဂါ၊အသည်းကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် အသားဝါတာ၊ အစာရေမြိုပြွန်ရဲ့အောက်နှုတ်ခမ်းသားတွေ စုပ်ပြဲလာပြီး သွေးကြောသေးသေးလေးတွေကနေ သွေးယိုလာတာကြောင့် သွေးဝမ်းတွေ၊ ဝမ်းမည်းမည်းတွေပါ သွားလာတတ်တာဖြစ်ပါတယ်...။ ဒါပေမယ့် ဒီလိုတွေ အန်တာဟာ ကိုယ်ဝန်ကြောင့်လား၊ တခြားရောဂါတွေကြောင့်လားဆိုတာတော့ သေသေချာကွဲပြားဖို့ အရေးကြီးပါတယ်။ ကျောက်ကပ်ရောဂါ၊ စပျစ်သီးသနေ၊ အူလမ်းကြောင်းပိတ်တာနဲ့ အသည်းရောင်ရောဂါတွေမှာလည်း အခုလို ဆိုးဆိုးရွားရွားအန်တတ်ပါတယ်။ ဒါကြောင့် ဒီလိုအရမ်းအန်လာရင်တော့ ဆေးရုံကို မဖြစ်မနေသွားပြသင့်ပါတယ်...။ ပုံမှန်ကတော့ "Metocloperamide"၊ "Prochlorperazine"လို အအန်ပျောက်ဆေးတွေ တိုက်လေ့ရှိပါတယ်...။ ဒါမှမဟုတ်လည်း "B6" နဲ့ Thiamine အပါအဝင် "B Complex" ကိုအကြောဆေးသွင်းပေးတာမျိုးလည်း ရှိပါတယ်...။ ပြီးရင်တော့ ရေဘယ်လောက်သောက်တယ်၊ ဆီးဘယ်လောက်ပြန်သွားတယ်ဆိုတာ စောင့်ကြည့်ပြီး တတ်နိုင်သမျှ အစာပြန်ဝင်အောင် ကျွေးပေးရမှာဖြစ်ပါတယ်...။ အစပိုင်းကတော့ အစာခပ်ပျော့ပျော့ကျွေးရမှာဖြစ်ပြီး တဖြည်းဖြည်း ပုံမှန်အတိုင်းပြန်ကျွေးလို့ရတာဖြစ်ပါတယ်...။ ဒေါက်တာစိမ့်ရေးသားတဲ့ "မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း(၁)" ဆောင်းပါးမှ ကိုယ်ဝန်ဆောင်ကာလတွင်း အပြောင်းအလဲတွေထဲကမှ အချက် (၂)ချက်ကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

photo credit For Your Health For Your Beauty facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။