အလွယ်တကူ မောပန်းနွမ်းနယ်တာ၊ အလုပ်အများကြီးမလုပ်ရဘဲ ပင်ပန်းနွမ်းနယ်နေတာဟာ လူအများကတော့ အိပ်ရေးပျက်တာ၊ အိပ်ရေးမဝတာကြောင့်လို့ပဲ ထင်နေတတ်ပါတယ်...။ ဟုတ်တော့ ဟုတ်ပေမယ့် ဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူးနော်...။ ကိုယ်ပြုမူနေထိုင်နေတဲ့ Lifestyles ပုံစံတွေကလည်း ကိုယ့်ကို တစ်နေ့လုံး နုံးချိပင်ပန်းစေတာဖြစ်ပါတယ်...။ ဒါကြောင့် ကိုယ့်ရဲ့ ဘယ်လိုအပြုမူတွေက မှားယွင်းနေသလဲဆိုတာ ပြန်လည်ဆန်းစစ်ကြည့်ဖို့အတွက် တင်ဆက်ဖော်ပြပေးမှာဖြစ်ပါတယ်...။ (၁) ကိုယ်လက်လှုပ်ရှားမှုနည်းတာ - တကယ်လို့ ကိုယ့်အလုပ်ဟာ "Sedentary life style" ဆိုတဲ့ စားပွဲနဲ့ကုလားထိုင်မှာတင် တစ်နေကုန်နေရပြီး လှုပ်ရှားမှုမရှိတဲ့ ပုံစံမျိုးဆိုရင်တော့ အလကားနေရင်း ပင်ပန်းသလို ခံစားနေရတာက သိပ်မထူးဆန်းတာဖြစ်ပါတယ်...။ လေ့လာမှုတွေအရ နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု ပုံမှန်လုပ်သွားမယ်ဆိုရင် ၆ ပတ်အကြာမှာ နေရတာသိသိသာသာ လန်းဆန်းတက်ကြွနေတာကို ခံစားလာရမှာဖြစ်ပါတယ်...။
ပုံမှန် လေ့ကျင့်ခန်းတွေလုပ်တာဟာ သက်လုံကောင်းစေတဲ့အပြင် နှလုံးနဲ့သွေးလှည့်အဖွဲ့ကို ကောင်းစွာလည်ပတ်စေတဲ့အတွက်ကြောင့် တစ်သျှူးတွေဆီ အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေ သယ်ယူပို့ဆောင်ပေးမှုကို ချောမွေ့လွယ်ကူစေတာဖြစ်ပါတယ်...။ လူကြီးတွေအနေနဲ့ တစ်နေ့ကို ၁၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှုလုပ်တာနဲ့တင် လုံလောက်တယ်လို့ဆိုပါတယ်...။ ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းကိုလည်း ကိုယ်ပင်ပန်းမှာစိုးတာနဲ့ လျော့လုပ်မယ်ဆိုရင် ကြာလာတာနဲ့အမျှ နွမ်းနယ်တဲ့ခံစားချက်မျိုး ဖြစ်လာပါလိမ့်မယ်...။ ဒါကြောင့် အလုပ်တွေ အများကြီးလုပ်ရမှ ပင်ပန်း တာမဟုတ်ပါဘူး...။ လှုပ်ရှားမှုမရှိတဲ့ နေထိုင်မှုပုံစံကလည်း ကိုယ့်ရဲ့စွမ်းအင်နဲ့ သက်လုံတွေကို ကျဆင်းစေပြီး ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရစေတာ ဖြစ်ပါတယ်...။
(၂) ရေသောက်နည်းတာ - ခန္ဓာကိုယ်က ပုံမှန်ရေဓာတ်ဆုံးရှုံးတာထက် ၂ ရာခိုင်နှုန်းလျော့နည်းတာ လေးကတောင် ခန္ဓာကိုယ်ရဲ့ စွမ်းအင် အပေါ်သက်ရောက်မှုရှိတာဖြစ်ပါတယ်...။ လေ့လာချက်တွေအရ ကျွန်ုပ်တို့တတွေက တစ်နေ့ကို ရေလေးခွက် ပြည့်အောင်တောင် မသောက်ဖြစ်ကြဘူးလို့ သိရပါတယ်...။ ဒီတော့ လိုအပ်တဲ့ရေဓာတ်ကို လုံလုံလောက်လောက် မရတဲ့အတွက် ခန္ဓာကိုယ်ထဲက သွေးထုထည်ဟာ နည်းလာပြီး ခပ်ပျစ်ပျစ်ဖြစ်လာပါတော့တယ်...။ ဒီသွေးပျစ်ပျစ်တွေကို နှလုံးက ညှစ်ထုတ်ရတာ မသွက်လက်တဲ့အတွက် အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေကို တစ်သျှူးတွေဆီ ပို့ဆောင်ရာမှာ နှေးကွေးမှုတွေဖြစ်လာပြီး မောပန်းနွမ်းနယ်မှုတွေ စတင်ခံစားလာရတာဖြစ်ပါတယ်...။ ဦးနှောက်၊ နှလုံးနဲ့ ကြွက်သားတွေဟာ ဓာတ်ဆားနဲ့ရေ ဓာတ်ကို အဓိကလိုအပ်တဲ့ အစိတ်အပိုင်းတွေ ဖြစ်ပြီး ရေဓာတ်နည်းပါးလာတဲ့အခါမှာ သက်ရောက်မှုတွေ အသိသာဆုံးဖြစ်ပါတယ်...။ မောပန်းလွယ်တာ မလှုပ်ချင်မကိုင်ချင်တာ၊ စိတ်မကြည်လင်တာနဲ့ အာရုံစူးစိုက်ရခက်ခဲတာတွေ ဖြစ်လာပါတော့တယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "မောပန်းနွမ်းနယ်လွယ်ခြင်း" ကျန်းမာရေးဆောင်းပါးမှ "ကိုယ်လက်လှုပ်ရှားမှုနည်းတာ"၊ "ရေသောက်နည်းတာ" တို့နဲ့ ပတ်သက်ပြီး အကြောင်းအရာအပြည့်စုံကို ပြန်လည်ကူးယူဝေမျှလိုက်ခြင်းဖြစ်ပါတယ်...။
Source ဒေါက်တာစိမ့်စမ်းဖြူ
photo credit pngtree
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။