နေရာတစ်နေရာကို ထိုက်ထိုက်တန်တန်ရဖို့အတွက် လူတိုင်းမှာ ရင်းနှီးပေးခဲ့ရတာမျိုးတွေရှိပါတယ်။ G Fattဆိုတဲ့ နာမည်ကိုမရခင်၊ သူချစ်တဲ့အနုပညာကိုလုပ်ဖို့အတွက် ရုန်းကန်ခဲ့တာတွေ G Fatt ကိုယ်တိုင် အင်တာဗျုးမှာ ပွင့်ပွင့်လင်းလင်းပြောခဲ့တာတွေထဲကမှ ထုတ်နုတ်တင်ပြလိုက်ပါတယ်။

" အဖေနဲ့အမေက ဒီအလုပ်ကို လက်ခံခဲ့တာမျိုး၊ အားပေးခဲ့တာမျိုးမဟုတ်ဘူးဗျ။ ကျွန်တော့်စိတ်ကို သူတို့ မနိုင်ခဲ့တော့တာ။ မနိုင်တော့ဘူး လွှတ်ထားလိုက်တော့ ဆိုတဲ့ပုံစံမျိုး။ ကျွန်တော့်အိမ်မှာက အများကြီးအဆင်မပြေဘူးဗျာ။ အစ်မတစ်ယောက်တည်းလစာနဲ့ နေနေကြတာ။ ကျွန်တော့်အစ်မက ဘဏ်မှာလုပ်တယ်။ လစာဘယ်လောက်ရမလဲ ၁ သိန်းကျော်ပေါ့။ အဲဒီတစ်သိန်းကျော်နဲ့ ဒီမိသားစုနဲ့ ကျွန်တော့်ကျောင်းစရိတ်နဲ့။ ဆယ်တန်း ဒုတိယနှစ်ဖြေနေရတာဆိုတော့။ ကျွန်တော့်ကျူရှင်စရိတ်နဲ့ အစ်မရဲ့လုပ်ခလစာတစ်ခုတည်းနဲ့ ရပ်တည်နေရတဲ့အခါမှာ အိမ်မှာတော်တော်အဆင်မပြေဖြစ်တာပေါ့။ ဒီလိုနဲ့ဆယ်တန်းဖြေပြီးခဲ့တယ်။ ကျွန်တော်တို့မှာ အိုးပိုင်အိမ်ပိုင်လည်းမရှိဘူး။ အမျိုးတွေနားမှာ ကပ်နေနေရတာဆိုတော့ဗျာ၊ ကျွန်တော်ဟာ ယောကျ်ားလေးတစ်ယောက်ဖြစ်တယ်။ အရွယ်ရောက်ပြီးသားတစ်ယောက်ဖြစ်တယ်။ ကျွန်တော်နဲ့တန်းတူ Level တန်းကေင်တွေက အလုပ်တွေအသီးသီးလုပ်နေကြပြီ။ မနက်မိုးလင်း ထမင်းချိုင့်လေး ဆွဲပြီး သူတို့အဆင်ပြေတဲ့အလုပ်လုပ်နေကြပြီ။ ကျွန်တော့်အမျိုးတွေထဲမှာလည်း ကျွန်တော်နဲ့ရွယ်တူမဟုတ်ဘဲ ကျွန်တော့်ညီတွေတောင် အလုပ်လုပ်နေကြပြီ။ အဲတော့ အဖေနဲ့အမေက ဒီမြူးဇစ်အလုပ်ကို မလုပ်စေချင်ဘူးဗျ။ "

" ဂီတလုပ်တာကို၊ မြူးဇစ်လုပ်နေတာကို မလုပ်စေချင်တာမျိုးမဟုတ်ဘဲ၊ စားဝတ်နေရေးအတွက်ကို မလုပ်စေချင်တာ။ အမြဲတမ်းကျွန်တော့်ကို Control ပေးခဲ့တဲ့ခုနကပြောခဲ့တဲ့ ကျွန်တော့်အစ်ကို။ သူတောင်မှ ဒီမြူးဇစ်လုပ်နေတာ အဆင်မပြေတော့လို့ တခြား ကုမ္ပဏီလုပ်ငန်းတစ်ခုခုပြောင်းလဲလုပ်နေပြီ။ သူက ကျွန်တော့်ကို အဲဒီမှာအလုပ်လုပ်ဖို့ခေါ်တယ်။ အဲဒီတုန်းကသာ ကျွန်တော်ပျော့ ည့ံပြီးတော့ တစ်မိသားစုလုံးရဲ့စကား တစ်မျိုးလုံးရဲ့စကားတွေ၊ ပတ်ဝန်းကျင်က သူငယ်ချင်းတွေအားလုံးစကားကိုသာ လက်ခံလိုက်ရင် ကျွန်တော်အခုချိန်မှာ G Fatt တောင်ဖြစ်လာခဲ့မှာမဟုတ်ဘူး။ အဲဒီတုန်းကကျွန်တော် အဲဒီစိတ်တွေကို အရမ်းတွန်းလှန်ရတယ်။ နေ့ရောညရော ကျွန်တော့်ကို အဲဒါတွေ ၀ိုင်းပြောနေကြတာကိုး။ အရှေ့မှာ အစ်ကိုတစ်ယောက်တောင်မှ ဒီလမ်းကြောင်းမှာ မဖြစ်တော့တာဆိုတော့လေ။ ဒီမေးခွန်းရဲ့ အတိအကျကို ဖြေရမယ်ဆိုရင် အဖေနဲ့အမေက ဒီအလုပ်ကို အမြဲတမ်းထောက်ပံ့ပြီးတော့ အားပေးခဲ့ကြမျိုးမဟုတ်ဘူး။ သူတို့နဲ့အတိုက်အခံလုပ်ပြီး တွန်းလှန်နေတဲ့ ကျွန်တော့်စိတ်ကို မနိုင်တော့လို့ ထားလိုက်တော့ကွာ၊ လွှတ်ထားလိုက်တော့ဆိုတဲ့ပုံစံမျိုးနဲ့ အလျှော့ပေးလိုက်ကြတာပေါ့။ ကျွန်တော်ဖြစ်ချင်တာကို ဖြစ်ခွင့်ပေးလိုက်တယ်။ ဒါပေမဲ့ ကျွန်တော်ဖြစ်ချင်တာ ၏ကို ဖြစ်အောင်လုပ်နေရတဲ့ ကာလမှာ ထမင်းကျွေးထားပေးရုံနဲ့ ကျွန်တော့်မိသားစုရဲ့ ကျေးဇူးက အများကြီးပါ။ " 

" လူတိုင်းမှာ ဘဝကို တစ်ဆစ်ချိုးလို့ပြောင်းလဲခဲ့တဲ့အရာတွေရှိကြမှာပါ။ ကျွန်တော်မှာလည်း ဒီလိုတစ်ဆစ်ချိုးတွေရှိပါတယ်။ အထူးသဖြင့်ဆရာ ဆရာမတွေပြောကြတယ်။ ဆယ်တန်းဆိုတာ နင်တို့ရဲ့ ဘဝတစ်ဆစ်ချိုးပေါ့။ ကျွန်တော်တစ်သက်လုံးစာမလုပ်လာခဲ့တဲ့အကောင်၊ ထင်ထားတဲ့အတိုင်း ဆယ်တန်း တစ်နှစ်ကျတာပဲ၊ ။ ဒုတိယနှစ်ဆယ်တန်းပြန်ဖြေမယ့်အချိန်က ကျွန်တော့်အတွက် တကယ်ကို ဘဝတစ်ဆစ်ချိုးပဲ။ ဘဝမှာဆိုးမိုက်ပေတေပြီးတော့ လမ်းဘေးနေ လမ်းဘေးစား၊ အရက်သောက်ပြီး လျှောက်သွား ဓာတ်မီးတိုင်အောက်မှာ မူးနေခဲ့တဲ့အချိန်တွေရှိခဲ့တယ်။ ဂစ်တာတီးတယ်။ ရန်ဖြစ်တယ်။ အဲလိုမျိုးကလေရိုက်နေ တဲ့သူငယ်ချင်းတွေနဲ့ ၃ နှစ်လောက်ဆက်တိုက်နေလာခဲ့တဲ့အကောင်။ စာပေဟောပြောပွဲတစ်ခုကို သွားနားထောင်လိုက်မိတဲ့အချိန်မှာ စာများဖတ်ရင်ကောင်းမလား မသိဘူးဆိုတဲ့အသိဝင်သွားတယ်။ မှတ်မှတ်ရရဆရာလယ်တွင်းသားစောချစ်ဖြစ်မယ်။ တကူးတကသွားနားထောင်တာမျိုးမဟုတ်ဘူးဗျ။ ဘောလုံးကန်ပြီး ပြန်လာရာ ကနေ ဘာတွေပြောနေမှန်းမသိလို့သွားနားထောင်လိုက်တာ။ ကိုယ့်ဘဝနဲ့ကကျတော့ အရမ်းဝေးတယ်။ ဘာတွေပြောနေလဲဆိုတဲ့ စူးစမ်းတဲ့စိတ်နဲ့ စက်ဘီးလေး ရပ်ပြီး နှစ်ယောက်သွားနားထောင်ကြတယ်။ "

" ဆရာပြောနေတဲ့စကားလုံးတွေဟာ ကျွန်တော့်ဦးနှောက်ကိုအများကြီး ပွင့်လင်းသွားစေတယ်။ ရယ်မော စရာတွေပြောလိုက်၊ အားတက်စရာတွေပြောလိုက်ပေါ့။ သူကြိုးစားရုန်းကန်ခဲ့ရတာတွေကိုပြောတဲ့အချိန်မှာ ကျွန်တော်က ဘာလို့လဲမသိဘူး။ စင်အောက် ကနေ ပျော်နေတယ်။ ဆရာအများကြီးပြောသွားတယ်။ အဓိက လူငယ်တွေကိုစာဖတ်ဖို့ပြောသွားတယ်။ ပြန်လာတော့ ကျွန်တော့်သူငယ်ချင်း ကိုပြောဖြစ်တယ်။ ဟေ့ကောင် ငါတို့စာလေးဘာလေးဖတ်ကြည့်ရင်ကောင်းမလားမသိဘူးပေါ့။ ကျွန်တော်နဲ့စာအုပ်တွေဆိုတာ တကယ်ဝေးပါတယ်ဗျာ။ အရမ်းဝေးတယ်။ ဖတ်ကြည့် မယ်ကွာဆိုပြီးတော့ ဖတ်ကြည့်ဖို့အတွက် ကြိုးစားကြတာ တစ်ပါတ်တိတိကြာပါတယ်။ နောက်တစ်ပါတ်ကျမှ ငါးကျပ်ပြန်ဆိုတဲ့ ဘုန်းကြီးကျောင်းထဲက စာကြည့်တိုက် ထဲကိုသွားပြီးတော့ သူငယ်ချင်းနှစ်ယောက်စာအုပ်သွားဖတ်ဖြစ်ကြတယ်။ စာအုပ်သွားဖတ်ဖြစ်တဲ့အချိန်မှာလည်း ခုနကပြောသလို ဆရာဖေမြင့်ရဲ့ ဘာသာပြန် စာအုပ်တွေကျွန်တော်တို့စဖတ်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့နှစ်ခြိုက်လာကြတယ်။ ဆရာပီမိုးနင်းဖတ်တယ်။ ဆရာဦးအောင်သင်းဖတ်တယ်။ စာအုပ်တွေကကျွန်တော့်ဘဝကို တကယ်ပြောင်းလဲစေခဲ့တာပါ။ "

Source : MODA Interview

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။