ဒီတစ်ခါမှာတော့ ယခုအချိန်တွင် သုံးစွဲမှု မရှိတော့သည့် ခေတ်ဟောင်း ရှားပါးဒင်္ဂါးများအကြောင်းကို ဗဟုသုတဖြစ်ဖွယ်တင်ဆက်ပေးမှာဖြစ်ပါတယ်...။ ရွှေ၊ ငွေ၊ ကြေးဒင်္ဂါးများကို ငွေးကြေးသုံးစွဲမှု စနစ်တစ်ခုအဖြစ် နိုင်ငံအသီးသီးတွင် ရှေးနှစ်ပေါင်းများစွာကတည်းက သွန်းလုပ်ခဲ့ကြပါတယ်...။ ထိုခေတ်ဟောင်း ရှားပါးဒင်္ဂါးများကို နိုင်ငံတကာ ဈေးကွက်တွင် တန်ဖိုးမြင့်မားစွာ ပေး၍ ဝယ်ယူကြရ၊ လေလံဆွဲကြရ လုပ်ကြတာကို အားလုံးပဲသိကြမှာပါ...။ သမိုင်းမတင်မီက သွန်းလုပ်ခဲ့တဲ့ အချို့သော ဒင်္ဂါးများက ဝယ်ယူ၍ပင် မရနိုင်တော့တာဖြစ်ပါတယ်...။ ဒင်္ဂါးပြားများစုဆောင်းသည့် ဝါသနာသည် ယနေ့ကမ္ဘာတွင် လူကြိုက်များလျက်ရှိပါတယ်...။ ဒင်္ဂါးပေါ်တွင် ရေးထိုးထားတဲ့အရာကြောင့် မူလတန်ဖိုးထက် အဆပေါင်းများစွာ တန်ကြေးမြင့်တက်နေသည့် ဒင်္ဂါးများသည် သတ္ထု အပိုင်းအစတစ်ခုသာ ဖြစ်သော် လည်း သမိုင်းတွင်အရေးပါမှု၊ အလွန်ရှားပါးမှု၊ သွန်းလုပ်ရာတွင် မှားယွင်းခဲ့မှု စသည်တို့ကြောင့် မယုံနိုင်လောက်အောင် ဒေါ် လာ သန်းနှင့်ချီကာ ဈေးပေါက်နေတာဖြစ်ပါတယ်..။ ထို့ကြောင့် ကမ္ဘာပေါ်တွင် အရှားပါးဆုံးနှင့် ဈေးအကြီးဆုံးဒင်္ဂါးများထဲမှ အက်ဒွပ် အကြွေစေ့နှင့် လင်းယုန် နှစ်ကောင် အကြွေစေ့တို့သည် စိတ်ဝင်စားဖွယ်ပါဝင်နေပါတယ်...။ 

photo credit pngtree

အက်ဒွပ် အကြွေစေ့ (1344 Edward III florin) - ခြင်္သေံ့နှစ်ကောင်ဟု လူသိများသော ခြောက်သျှီလင် အကြွေစေ့ များကို ၁၃၄၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ အက်ဒွပ်ဘုရင် က ထုတ်ဝေခဲ့ပါတယ်...။ ယင်းအကြွေစေ့များကို ဥရောပ တစ်ဝန်းလုံးတွင် သုံးစွဲနိုင်ရန် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အကြွေစေ့၏ ခေါင်းဘက်မှာ "အမိုးတစ်ခုအောက်တွင် ကျားသစ်ဦးခေါင်းနှစ်ခုခြံရံလျက် ဘုရင်ကြီး နန်းတက်နေသည့်" ပုံကို သွန်းလုပ်ထားပါတယ်...။ ကျောဘက်တွင်ဘုရင့်တံဆိပ် ကြက်ခြေခတ်ပုံနှင့် ကျားသစ်တစ်ကောင်တို့ကို ပုံဖော်ထားပါတယ်...။ ယင်းအကြွေစေ့များကို ၁၃၄၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော်လည်း လအနည်းငယ်အတွင်း ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်...။ ဗြိတိသျှတို့ ထုတ်ဝေခဲ့သည့် ဒင်္ဂါးများအနက် ယင်းဒင်္ဂါးသည် အရှားပါးဆုံးဖြစ်ဖွယ်ရှိပြီး ယခုအခါ ကမ္ဘာပေါ်တွင် သုံးခု သာ ကျန်ရှိပါတော့တယ်..။ ဒင်္ဂါးတစ်ပြားကို ပိုင်ဆိုင်ထားသူက သူ၏ ဒင်္ဂါးကို ၂၀၀၆ ခုနှစ် ဇူလိုင်လက လေလံတင်ခဲ့ရာ ဒေါ်လာ ခြောက် သိန်း ရှစ်သောင်းရရှိကာ ဈေးအမြင့်ဆုံးသော ဗြိတိသျှ ဒင်္ဂါးအဖြစ် စံချိန်တင်ခဲ့ပါတယ်...။ ကျန်ဒင်္ဂါး နှစ်ပြားကို ဗြိတိသျှ ပြတိုက်တွင် ပြသထားပါတယ်...။

photo credit pngtree

လင်းယုန် နှစ်ကောင် အကြွေစေ့ (1907 Saint Gaudens Eagle Ultra High Relief) - လင်းယုန် နှစ်ကောင် ဒင်္ဂါးကို ဒေါ်လာနှစ်ဆယ် တန်ဖိုးသတ်မှတ်ကာ ၁၉၀၇ ခုနှစ်က အမေရိကန် နိုင်ငံတွင် ထုတ်ဝေခဲ့ပါတယ်...။ ဒင်္ဂါး ဒီဇိုင်းကို နာမည်ကျော် ပန်းပုဆရာ စိန့်ဂေါဒင်စ် က ရေးဆွဲခဲ့ပါတယ်...။ ဒင်္ဂါးပေါ်မှ ရုပ်ကြွသည် မြင့်မောက်နေသဖြင့် တစ်ပြားနှင့် တစ်ပြား ထပ်ထားရန် ခက်ခဲနေသဖြင့် အရေအတွက်၂၄ ပြားသာ ထုတ်ခဲ့ပါတယ်...။ နောက်ပိုင်းတွင် ဒင်္ဂါးဒီဇိုင်းကို အကြိမ်များစွာ မွမ်းမံခဲ့ပြီး ၁၉၃၃ ခုနှစ်အထိ ထုတ်ဝေခဲ့ပါတယ်...။ ၁၉၀၇ ခုနှစ်ထုတ် ဒင်္ဂါးပြား နှစ်ခုကို စမစ်ဆိုနီယံ ပြတိုက်တွင်ပြသထားပြီး တစ်ပြားကို ၂၀၀၅ ခုနှစ် လေလံပွဲတွင် ရောင်းချခဲ့ရာ ဒေါ်လာ သုံးသန်းနီးပါးရရှိခဲ့တာဖြစ်ပါတယ်...။

source မောင်သာ(ရှေးဟောင်းသုတေသန) 

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။