ပရိသတ်ကြီးရေ..ဒီတစ်ပါတ်မှာတော့ ဘူဂေးရီးယားနိုင်ငံ၏ အကြီးဆုံးသော လိုဏ်ဂူ အတွင်းမှ ကျောက်ခေတ်လူသားတို့ ရေးဆွဲခဲ့သော နံရံပန်းချီများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ ကမ္ဘာပေါ်တွင် နေထိုင်ခဲ့ကြသော ရှေးဦးလူသားတို့၏ ရုပ်ကြွင်းများ၊ အသုံးအဆောင်များ၊ အနုပညာလက်ရာများ၊ လက်နက်များကို ရှေးဟောင်းသုတေသနပညာရှင်များက စူးစမ်းရှာဖွေ ဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်...။ ထိုသို့ရှာဖွေမှုများတွင် ကျောက်ခေတ်လူသားတို့ ရေးဆွဲခဲ့သောနံရံပန်းချီပုံများထဲမှ မာဂုရ အမည်ရှိ နံရံဆေးရေးပန်းချီပုံများသည်လည်း အနုပညာလက်ရာမြောက်ပြီး စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်...။

"Magura" (မာဂုရ) သည် ဘူဂေးရီးယားနိုင်ငံ၏ အကြီးဆုံးသော လိုဏ်ဂူတစ်ခုဖြစ်ပြီး နိုင်ငံ အနောက်မြောက်ပိုင်းတွင် တည်ရှိပါတယ်...။ လိုဏ်ဂူနံရံများတွင် လွန်ခဲ့သော နှစ် ရှစ်ထောင်မှ လေးထောင်အတွင်းက ရေးဆွဲထားခဲ့သော ဂူနံရံ ပန်းချီ များ ခြယ်မှုန်းထားတာဖြစ်ပါတယ်...။ နံရံ ပန်းချီကားပေါင်း ခုနစ်ရာကျော်မျှရှိကာ ယင်းတို့ကို လင်းနို့ချေးများဖြင့် ရေးဆွဲထားခဲ့ခြင်း ဖြစ်ပြီး အမဲလိုက်ပုံများ၊ လူများကခုန်နေကြပုံများနှင့် တိရိစ္ဆာန်ပုံ အမြောက်အများကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်...။

သမိုင်းမတင်မီ ကျောက်ခေတ်ဦးက လူသားတို့ ဂူများအတွင်းနေထိုင်ခဲ့စဉ်ကတည်းက လူတို့တွင် အနုပညာဗီဇ ကို ကမ္ဘာအနှံ့မှ ကျောက်ဂူများတွင်မြင်တွေ့ရသော ရှေးဦးလူသားတို့၏ နံရံပန်းချီများကဖော်ညွှန်း ပြသလျက်ရှိနေပါတယ်...။ တစ်ခါက ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆိုသည် စပိန်နိုင်ငံမှ အယ်တာမီယား ကျောက်ဂူပန်းချီများကို သွားရောက်ကြည့်ရှုခဲ့ဖူးတာဖြစ်ပါတယ်...။ ဂူနံရံတွင် ရေးဆွဲထားသော ပန်းချီများက နှစ်ပေါင်း ထောင်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော ကာလများက လူသားတို့၏အတွေး အမြင်များ၊ လူနေမှုဘဝများကို ပြသပေးလျက်ရှိနေပါတော့တယ်...။

Source မောင်သာ (ရှေးဟောင်းသုတေသန)

photo credit pngtree 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။